ကျိုက်ဇကောအကျဉ်းထောင်က ခေါ်ထုတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးထပ်မံသေဆုံး

ကျိုက်ဇကောအကျဉ်းထောင်က ခေါ်ထုတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးထပ်မံသေဆုံး

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျိုက်ဇကော အကျဉ်းထောင်ကနေ ခေါ်ထုတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်း သား ၃၇ ဦး ပျောက်ဆုံးနေတဲ့ထဲက နိုင်ငံရေးအကျဉ်းသား ခြောက်ဦး ထပ်မံသေဆုံးသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။

သေဆုံးသွားပြီဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးဟာ ကိုရာလေး၊ ကိုဂျာကြီး၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင် မျိုးသူ၊ ကိုဘိုဘိုဝင်းနဲ့ ကိုနေအေးတို့ ဖြစ်ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တာဝန်ရှိသူတစ်ဦးက နိုင်ငံရေး အကျဉ်း သားတွေကို အခုလို မတရားညှင်းပန်းနှိပ်စက်တာတွေ၊ မတရားသတ်ဖြတ်တာတွေဟာ အင်မတန်ကြမ်းကြုတ် ရက်စက်တဲ့လုပ်ရပ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလိုမျိုး အကျဉ်းထောင်တွေထဲကနေ နိုင်ငံရေးအကျဉ်းသားတွေကို အပြင်ကိုခေါ်ထုတ်ပြီး စစ်ကောင်စီကနေ မတရားသတ်ဖြတ်နေတဲ့ကိစ္စက ကျွန်တော့်အနေနဲ့ပြောရရင် သူတို့ရှုံးမည်းမည်းလာတယ်လို့ပဲ ပြောရမှာပေါ့။ သူတို့က (စကစ) အဖက်ဖက်မှာ သူတို့ကျရှုံးခန်းရောက်နေပြီ။ အဲဒါကို လက်မခံနိုင်ဘဲနဲ့ သူတို့လက်ခုပ်ထဲမှာ ရှိနေတဲ့ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ဒီလိုမျိုးမတရားညှင်းပန်းနှိပ်စက်တာတွေ၊ အခုလို မတရားသတ်ဖြတ်တာတွေ လုပ်လာတာဖြစ်တယ်။ ဒီကိစ္စက အင်မတန်ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေ ပဲလို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်” လို့ ေပြာပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ကျိုက်ဇကောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေခဲ့ပြီး ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ ကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်းရဲ့ မိသားစုထံ ဒိုက်ဦး အကျဉ်းထောင် ဦးစီး အရာရှိထံက သေဆုံးသွားပြီလို့ အကြောင်းကြားစာ ပေးပို့ခဲ့တာပါ။

အဲဒီနောက်ပိုင်း ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေထံ တစ်ရက်ချင်းသေဆုံးကြောင်း အကြောင်းကြားစာတွေပေးပို့နေပြီး နိုင်ငံရေးအကျဉ်းသားတွေကို တရားမဲ့သတ်ဖြတ်နေတဲ့အပြင် သူတို့ရဲ့ မိသား စုဝင်တွေပါ စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်နေခြင်းလို့ AAPP က ဆိုပါတယ်။

သေဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်းတို့ရဲ့ မိသားစုထံပေးပို့လာတဲ့ ကျိုက်ဇ ကော အကျဉ်းထောင် ဦးစီးအရာရှိရဲ့ အကြောင်းကြားစာမှာတော့ ကျိုက်ဇကောထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့ရာလမ်းခရီးမှာ အချုပ်ကားတိမ်းမှောက်တာကို အခွင့် ကောင်းယူပြီး ထွက်ပြေးခဲ့တာကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သူတို့နှစ်ဦးသေဆုံးသွားတယ်လို့ ဆိုထားတာပါ။

အကျဉ်းထောင်များအက်ဥပဒေ အခန်း ၁၁ ပါ ပြဌာန်းချက်အရ အကျဉ်းထောင်ပြစ်မှုများနဲ့ပတ်သက်ပြီး ထွက် ပြေးဖို့ ကြံစည်ကြိုးစားပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းပေးတာ၊ ရိက္ခာကန့် သတ် ဖြတ်တောက်တာ၊ တိုက်ပိတ်တာတွေ အပြစ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ရင် အကျဉ်းထောင်ဘက်က တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေး ယူပြီး ပြောင်းရွှေ့ခံရတဲ့အကျဉ်းသားတွေကိုတော့ ခြေကျင်းခတ်ပြီး အချုပ်ကားကို သော့ခတ်တာရှိတယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းဆီက သိရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာ တရားရေးမဏ္ဍိုင်တွေဆီ မြန်မာအာဏာလု စစ်တပ်ရဲ့ ပြည်သူတွေအပေါ် အခုလို တရားလက်လွတ် အနိုင်ကျင့်သတ်ဖြတ်နေမှုတွေကို အရေးပေါ် စုံစမ်းစစ် ဆေးမှုတွေ အမြန်ဆုံးပြုလုပ်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ ချက်ချင်းဆောင် ရွက်ကြဖို့ AAPP က တိုက်တွန်း ထားပါတယ်။

ဓာတ်ပုံ-AAPP

ဓာတ်ပုံ-CJ
February 5, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို...
ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...