နိုင်ငံတစ်ဝန်း ပန်းသပိတ်လုပ်လို့ ဖမ်းဆီးခံရသူ အမျိုးသမီး ( ၅၀)ခန့်ရှိပြီး၊ ၂ဦး အမှုဖွင့်ခံရ

နိုင်ငံတစ်ဝန်း ပန်းသပိတ်လုပ်လို့ ဖမ်းဆီးခံရသူ အမျိုးသမီး ( ၅၀)ခန့်ရှိပြီး၊ ၂ဦး အမှုဖွင့်ခံရ

နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ဆင်နွှဲကြသူတွေကို စစ်ကောင်စီဖမ်းဆီး ခေါ်ဆောင်ခဲ့ရာမှာ အမျိုးသမီး (၅၀) ခန့်ပါဝင်ပြီး ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ခံရသူတွေလည်း ရှိလာနေပါတယ်။

ရန်ကုန်မြို့၊ ပန်းပဲတန်းမြိုနယ် သမာဓိရွှေဆိုင်နှစ်ဆိုင်မှ အမျိုးသမီးဝန်ထမ်း ၁၃ ဦး နှင်းဆီပန်းပန်ခဲ့လို့ မြိုနယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ (ပန်းပဲတန်း) ရုံးခန်းသို့  ခေါ်ယူစစ်ဆေးခဲ့တယ်လို့လည်း  စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထောက်ကြန့် ရတနာသီရိဈေးအတွင်းမှာ ပန်းသပိတ်အတွက် နှင်းဆီပန်းဝေသူနဲ့ ပန်းပန်သူ  အမျိုးသမီး (၁၈) ဦးကို ခေါ်ယူစစ်ဆေး စည်ပင်သာယာရေးရုံးသို့ ခေါ်ဆောင်စစ်မေးခဲ့သလို ရန်ကုန်၊ ဆင်မလိုက်ဈေးနားမှာ လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပန်းပန်တယ်ဆိုပြီး အမျိုးသမီးသုံးယောက် ဖမ်းဆီးခံ လိုက်ရတယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါသေးတယ်။

Kamayut Information တယ်လီဂရမ်မှာတော့ မြို့နယ်ထဲက အမျိုးသမီး အနည်းဆုံး ၁၂ ဦးအဖမ်းခံခဲ့ ရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲက တချို့ကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့တယ်လို့လည်း နီးစပ်ရာ အသိုင်း အဝိုင်းဆီကနေ သိရပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းအကျဉ်းထောင်ကနေ ထောင်ဝင်စာပို့ပြီးပြန်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသူရမောင်မောင်နဲ့ ထောင်ဒဏ် ၁၂ နှစ်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ခင်ပွန်းသည်ထံ ထောင်ဝင်စာလာပို့တဲ့ ဒေါ်စန္ဒာမြင့်တို့ကိုလည်း ပန်းပန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ဖမ်းဆီးပြီး ရမည်းသင်းရဲစခန်းမှာ ပုဒ်မ ၅၀၅-က အမှုဖွင့်ခံထားရပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းမှာ ပန်းသပိတ်ပြုလုပ်ခဲ့တာပါ။

ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ် မီးဒုံးလမ်းထိပ်မှာလည်း ပန်းသပိတ်ဆင်နွှဲဖို့ ပန်းပန်ရင်းလမ်းလျှောက်သွားတဲ့ လူငယ် နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော့်မျက်စိရှေ့တင် ပန်းပန်လာတဲ့ ကောင်လေးနှစ်ယောက်ကို ဖမ်းသွားတာ။ လာမင်းတို့လိုက်ခဲ့ဆိုပြီး ကားပေါ်တင်သွားတာ။ သူတို့က ပန်းပန်ပြီးလမ်းလျှောက်လာတာပဲ ဘာကြွေးကြော်သံမှတော့ အော်လာတာ မရှိဘူး” လို့ သုဝဏ္ဏမြို့နယ်မှာနေထိုင်တဲ့ မျက်မြင်တွေ့လိုက်ရသူတစ်ဦးက ပြောပါတယ်။

အဲဒီနေ့နေ့လယ်ပိုင်းမှာပဲ  လူမှုကွန်ရက်တွေကနေ ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲဖို့ တိုက်တွန်းပြီး ကိုယ်တိုင်ပါဝင် ကြသူတွေ ငါးဦးထက်မနည်း ဖမ်းဆီးခံရကြောင်း  စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာ မျက်နှာတွေမှာ ဖော်ပြ လာတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လူငယ်တွေအများစုဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးတွေကော  LGBT တွေ  ပါ ပါဝင်နေ တာပါ။

စစ်ကောင်စီက အဓမ္မဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန်လ (၁၉)ရက်နေ့မှာ ကျရောက်တဲ့ ( ၇၈ )နှစ်မြောက်မွေးနေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ပြည်လုံးကျွတ် ပန်းသပိတ်ဆင်နွှဲသွားဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။

စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၆၀ ကျော်ကြာမြင့်ချိန် ၂၀၂၁ခုနှစ် ဧပြီလ (၂)ရက်နေ့ကစပြီး စစ်တပ်ရဲ့ အကြမ်း ဖက်မှုတွေကြောင့် ကျဆုံးသွားသူတွေကို ရည်ရွယ်ပြီး အနုနည်းဖြစ်တဲ့ ပန်းသပိတ်ကို စတင်ပြု လုပ်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အနေနဲ့ ပန်းသပိတ် လှုပ် ရှားမှု ပြုလုပ်ခဲ့သလို၊ ၂၀၂၂ ခုနှစ်မှာလည်း ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပြီး၊ အခု ၂၀၂၃ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ပန်းသပိတ်ဟာ သုံးကြိမ်မြောက်ဖြစ်သလို ပန်းသပိတ်တွေပြုလုပ်တိုင်းမှာလည်း စစ်ကောင်စီကပန်း သပိတ်တွေကို မတရားနှိမ်နှင်းမှုတွေ များစွာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်

Most read this week

April 26, 2024
လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့...
April 25, 2024
ကရင်ပြည်နယ် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်တိုက်ပွဲအတွင်း...
April 25, 2024
မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေမလုပ်တော့ဘဲ လူငယ်တွေကို...
April 25, 2024
ထိုင်း-မြန်မာနယ်စပ်တလျှောက် အခြေအနေကို တာဝန်ယူထားတဲ့ ထိုင်းအစိုးရကော်မတီက ဧပြီ ၂၃ ရက်နေ့က...