(၁၉) ရက်နေ့က သိမ်းပိုက် သွားသည့် DKBA လက်နက် များကို ယနေ့ နေ့လည် (၂) နာရီ ခန့်တွင် BGF တပ်များက ပြန်လည် ပေးလိုက်ပြီးဖြစ်သည်ဟု ဒီကေဘီအေ ပြောခွင့်ရသူ ဗို်လ်မှူး လောက်လုံက ပြောပါသည်။ လက်နက် ပေါင်း (၃၂) လက် သိမ်း ထားရာက (၅) လက်ကို မြို့ပြ အုပ်ချုပ်ရေး အတွက် သိမ်းယူထား လိုက်ပြီး ကျန် (၂၇) လက်နဲ့ အီကွစ်မင်း (၁၅) စုံကို ပြန်လည် ပေးလိုက်ခြင်းဖြစ်ပါသည်။
“ ကျနော်တို့က ဒီကိစ္စကို နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ကို တင်ပြထားတယ်လေ။ သမ္မတ အမိန့်နဲ့ ပြန်ပေးလိုက်ရတယ်လို့ သိရတယ်။ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်က စကားများပြီးမှ ပြန်ရတယ်လို့ ကျနော်တို့ ဖါးအံ ကိုရောက်တဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။” လက်နက်တွေကတော့နယ်ခြား စောင့်တပ်အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖား နွီးကနေပြန်ရပါတယ်ဟု ဗိုလ်မှူးလောက်လုံက ဆိုပါသည်။
လက်နက်များပြန်လည် ပေးအပ်ခြင်းအတူ မြိုင်ကြီးငူ စခန်းကို စစ်မဲ့ဇုံ ထားရှိရေးအတွက် မည်သည့်အဖွဲ့မဆို စစ်ဝတ်စုံနှင့် သွားလာခွင့်ကို ပိတ်ပင်ထားရမည်ဟု နှစ်ဖက်စလုံးက သဘောတူခဲ့ပါသည်။ ထို့အပြင်ပြသနာ တိုင်းကို စစ်ရေးနှင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ ဒိကေဘီအေဖက်ကတင်ပြထား သည်ဟုဆိုပါသည်။
ယမာန်နေ့တုန်းက အခြေအနေမှာ တင်းမာမှုတွေကို ဖြေရှင်းရန် (ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဝင်း၊ နယ်ခြားစောင့်တပ် အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖားနွီးနှင့် ဒီကေဘီအေ ဘက်မှ ဗိုလ်မှူး ဆန်းအောင်၊ ဗိုလ်မှူးမောင်လေးတို့ မြိုင်ကြီးငူဒေသတွင် တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း ဒီကေဘီအေဘက်က ဆိုပါသည်။
ဤပြသနာနှင့် ပါတ်သက်ပြီး၊ အကယ်၍ မပြေလည်ခဲ့ပါက BGF တပ်ဖွဲ့ကိုပြန်တိုက်မည်ဟု ပြောဆိုခဲ့ပါသည်။။ အလားတူBGF တပ်ဖွဲ့ကလည်း မြိုင်ကြီးငူကိုရောက်နေသည့် ဗိုလ်မှူးမောင်လေးတို့ အဖွဲ့ကို ၀ိုင်းထားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ဤကဲ့သို့ တင်းမာနေရာက ယခုလိုလက်နက်ပြန်ပေးလိုက်ခြင်းဖြင့် ပြေလည်စေခဲ့ပါသည်။
ဤသို့ကြောင့် ပြေလည်သွားသော်လည်း ဤကိစ္စဖြေရှင်းရန်အတွက် ဒီကေဘီအေဖက်က နိုင်ငံတော်ငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ကို တိုင်ကြားထားသဖြင့် မနက်ဖြန်တွင် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံရန်ရှိသည်ဟု ဒီကေဘီအေဖက်က ဆိုပါသည်။
ဤပြသနာသည် BGF ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်းက မြဝတီမြို့နယ် ရွှေကုက္ကိုရွာ၌ အခြေချနေသော BGF ၁၀၁၉ တပ် ရင်းမှတပ်စုမှူး ဗိုလ်တင်ညွှန့်နှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့သည် DKBA ကလို့ထူးလား စစ်ကွပ်ကဲရေးဌာန အဖွဲ့များနှင့် ပူးပေါင်း လို၍ လာရောက် ဆက်သွယ်ကာ DKBA က လက်မခံခဲ့သော်လည်း လုံခြံုရေးအရ ပြန်မလှည့် လိုတော့သဖြင့် ဖြေရှင်းနေ ချိန်တွင် ယခုကဲ့သို့ ပြသနာများ ဖြစ်ပေါ်လာခဲ့ပါသည်။



