မွန်ပြည်သစ် ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည်၊ အပစ်အခတ် ရပ်စဲရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနား လမ်း၌ ရှိသော Strand Hotel တွင် ယနေ့ မနက်ပိုင်းတွေ့ဆုံဆွေး နွေးခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးနှင့် (၄၅) ရက်အတွင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး သွားရန်ကို သဘောတူညီ ခဲ့ကြပါသည်။

“ ကျနော်တို့ကတော့ နိုင်ငံရေးအရ ဆက်ဆွေးနွေးရေးကို အဓိကအဖြစ်ထားပါတယ်။ အဲဒီအချက်ပြေလည်ရင် တော့ အပစ်ရပ်မှာဖြစ်တယ်လို့ ပါတီ ဗဟိုကော်မီတီက ချမှတ်ထားတာပါ။ ဒီကိစ္စကိုလည်း တခြား UNFC အဖွဲ့ဝင်တွေကို လည်း အကြောင်းကြားထားပြီး၊ နားလည်မှု ရှိပြီးသားပါလို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မီ တီဝင် တဦးကပြောပါသည်။
သဘောတူညီချက် အသေးစိပ်များမှာ-
၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ နိုင်ငံတော် အစိုးရသို့ ကမ်းလှမ်းလာသော မွန်ပြည်သစ်ပါတီနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် နိုင်ငံတော် အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် မွန်ပြည်သစ်ပါတီမှ ဖွဲ့စည်းပေးသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ သည် အောက်ဖော်ပြပါ အချက်လေးချက်ကို ဆောင်ရွက်ရန် ပဏာမသဘောတူညီကြသည် -
(က) တပြည်လုံးအတိုင်းအတာအနေနဲ့ အပစ်အခတ် ရပ်စဲရန်၊ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများ အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံး ရပ်စဲရန်၊
(ခ) အပစ်အခတ်ရပ်စဲချိန်မှစ၍ အများဆုံး (၄၅)ရက်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန်၊ သင့်တော်သည့် အကျိုးဆောင်ပုဂ္ဂိုလ်များကို လေ့လာအကဲခတ်သူအဖြစ် ပါဝင်ခွင့်ပြုပြီး -
(ခ- ၁) လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ်ရပ်စဲပြီးစီးပါက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်များ၏ နိုင်ငံရေး ဆွေးနွေးဖော်ဆောင်သွားရန်၊ အကယ်၍ မိမိတို့နှင့် အပစ်အခတ် ရပ်စဲချိန်မှစပြီး ၂၀၁၂ခုနှစ် ဒီဇင်ဘာအထိ အဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပါက စုစည်းနိုင်သော အပစ်ရပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်တို့ နိုင်ငံရေးဆွေးနွေးပွဲ စတင်ဖော်ဆောင်သွားရန်၊
(ခ-၂) ဤနိုင်ငံရေးဆွေးနွေးပွဲ ပြေလည်မှုအပေါ် အခြေခံ၍ ပြည်တွင်းတိုင်းရင်းသား နိုင်ငံရေး ပါတီ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အင်အားစု နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များပါ ပါဝင်စေပြီး အမျိုးသား စည်းလုံး ညီညွတ်ရေးကို ဆက်လက်ဆောင်ရွက်သွားရန်၊
(ခ- ၃) အထက်ပါ ဆွေးနွေးပွဲမှ ရရှိသော သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အတွက် အမြန်ဆုံး လုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်သွားရန်၊
(ဂ) အပစ်အခတ် ရပ်စဲရေး စတင်ချိန်မှစ၍ ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် အစိုးရ ပူးတွဲညှိနှိုင်း၍ ဆောင်ရွက်သွားကြရန်၊
(ဃ) အထွေထွေ တင်ပြချက်များ၊ အပစ်အခတ် ရပ်စဲထားစဉ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်နေစဉ်အတွင်း -
(ဃ-၁) ရဟန်း ရှင်လူ ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံ၊ အပြန်အလှန် ကူညီ ရိုင်းပင်းနိုင်ခွင့်ရှိရန်၊
(ဃ-၂) ပြည်တွင်းနိုင်ငံရေး ပါတီများနှင့် ထိတွေ့ဆက်ဆံနိုင်ခွင့် ရရှိရန်၊
(ဃ-၃) ပြည်တွင်းပြည်ပ NGO အဖွဲ့များနှင့် ထိတွေ့ ဆက်ဆံနိုင်ခွင့် ရှိရန်၊
(ဃ-၄) သတင်းဌာနများ၊ မီဒီယာများတို့နှင့် ထိတွေ့ ဆက်ဆံနိုင်ခွင့် ရှိရန်၊ နိုင်ငံရေး ဆွေးနွေးပွဲ ရလာဒ်ကို ပြည်သူလူထုအား လိုအပ်သလို အသိပေးရန်၊
(ဃ-၅ ) နိုင်ငံခြား သံတမန်များနှင့် ထိတွေ့ဆက်ဆံရာတွင် ကြိုတင်ညှိနှိုင်း သဘောတူညီချက်ဖြင့် ဆောင်ရွက်ရန်၊
(ဃ-၆ ) အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်း မွန်ပြည်နယ်နှင့် ဆက်စပ် နယ်မြေများတွင် စစ်အင်အား ထပ်မံတိုးချဲ့ချထားခြင်း မလုပ်ဆောင်ရန်၊
(ဃ-၇ ) အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးသမားများကို အားလုံးလွှတ်ပေးရန်နှင့် အကျဉ်းထောင်အတွင်းရှိ မွန်ပြည်သစ်ပါတီမှ ရဲဘော်များလည်း သက်ညှာထောက်ထား၍ လွှတ်ပေးပါရန်၊
(ဃ-၈) ပြစ်မှုကျူးလွန်ပြီး တဖက်တပ်တခုမှ တခြားတပ်တခုသို့ ထွက်ပြေးတိမ်းရှောင် ဝင်ရောက်လာသော ရာဇဝတ်သားများနှင့် ပတ်သတ်၍ သက်ဆိုင်ရာ နှစ်ဖက်တာဝန်ရှိသူ ပုဂ္ဂိုလ်များက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားကြရန်၊
(ဃ-၉) စေတနာ လုပ်အားပေးမှ လွဲ၍ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်းကို နှစ်ဖက်စလုံးမှ ရှောင်ကြဉ်ရန်၊ ပြဿနာဖြစ်တည်နေသည့် ပြည်သူများ၏ မြေယာများကိစ္စကို နှစ်ဖက်ညှိနှိုင်း ဝိုင်းဝန်းဖြေရှင်းသွားကြရန်၊
(ဃ-၁၀) မူးယစ်ဆေးဝါး ပိတ်ပင်တားဆီးရေး၊ ပညာပေးရေး လုပ်ငန်းများကို နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားကြရန်၊
(မှတ်ချက်) - အထက်ဖော်ပြပါ အချက်(၁၀)ချက်အပြင် နောင်တွင် အခြားတင်ပြရန် အချက်များ ရှိလာပါက ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပါသည်။)
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁) ရက်တုန်းက ရခဲ့သည့် ပဏာမ သဘောတူညီချက် (၅) ချက်ကို ယနေ့ခရီးစဉ်က ဆက်ဆွေးနွေး ရာ မှာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါ သည်။ ယင်းသဘောတူညီချက်များမှာ-
(က) နှစ်ဦးနှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရန်ကိစ္စ။
(ခ) ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ် အဖွဲ့ တရားဝင် ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်နေ့ရက်၊ အချိန်နှင့် နေရာတို့ကို ညှိနှိုင်းရန်ကိစ္စ။
(ဂ) ဆက်ဆံရေး စခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ (လက်နက်မပါ) ထားရှိရန်ကိစ္စ။
(ဃ) နှစ်ဖက် သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန် လက်နက်ကိုင် ဆောင်သွားလာမှုများကို နှစ်ဖက်ကြိုတင်ညှိနှိုင်းပြီး ဆောက်ရွက်မည်။
(င) နှစ်ဖက် သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန်ကိစ္စ တို့ဖြစ်ပါသည်။
ယနေ့ဆွေးနွေးပွဲမှ ရရှိသော ဤသဘောတူညီမှုသည်၊ မွန်ပြည်သစ်ပါတီနှင့် အစိုးရအကြား ဒုတိယ အကြိမ် အပစ်ရပ်နိုင်ခဲ့ ခြင်းဖြစ်ပါသည်။ မွန်ပြည်သစ်ပါတီသည်၊ ၁၉၉၅ ခုနှစ်ဖွန်လ (၂၉) ရက်နေ့၌ ပထမအကြိမ် စစ်အစိုးရနှင့် အပစ်အခတ်ရပ် စဲနိုင်ခဲ့ပြီး။ (၂၀၁၀) အောက်တိုဘာလတွင် အစိုးရ၏ နယ်ကြားစောင့်တပ် အစီအစဉ်ကို လက်မခံသည့်အတွက် ပျက်ပျယ် ခဲ့ရပါသည်။



