ဇောတိက သဘာဝဓါတ်ငွေ့ ပိုင်လိုင်း အလုပ်သမားများ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ စာတင်

ဇောတိက သဘာဝဓါတ်ငွေ့ ပိုင်လိုင်း အလုပ်သမားများ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ စာတင်
by -
ရွှေဟင်္သာ

တနင်္သာရီတိုင်း ရေဖြူမြို ့နယ်၊ ကန်ဘောက် ဒေသ အတွင်းရှိ PTTEPI မှ ဆောင်ရွက် အကောင်အထည် ဖော်နေသော ဇောတိက သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများမှ မိမိတို့၏ လုပ်ခလစာ တိုးမြှင့်ရရှိနေး၊ သင့်လျော်ကောင်းမွန်သော လုပ်ငန်းခွင်ရရှိရေး၊ အခြား လုပ်ငန်းခွင်ဆိုင်ရာ ခံစားပိုင်ခွင့်များ ပါဝင်သည့် တောင်းဆိုချက် တစ်ရပ်ကို တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဆိုသို့ တိုင်တန်း တောင်းဆို ထားကြောင်း အလုပ်သမား အရေး လိုက်လံ ဆောင်ရွက် ပေးနေသည့် ကန်ဘောက်မြို့မှ မြို ့ခံ တစ်ဦးက ပြောပါသည်။

Sabah_Sarawak_Gas_Pipeline
“လွန်ခဲ့တဲ့ နှစ်ပတ်လောက် တုန်းက ဒီမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်သေးတယ်၊ သိပ်ကြီးကြီး မားမားတော့ မဟုတ်ပါဘူး။ ပြင်ပအခြေစိုက် မီဒီယာတွေမှာ ထွက်တယ်လေ၊ အဲဒီက စတဲ့ကိစ္စ၊ ပထမတော့ ကျေကျေ လည်လည် ညှိုနှိုင်း လုပ်ကြမလို့ပဲ။ အဆင်မပြေဘူး ဖြစ်တယ်၊ သူတို့ဘက်ကလည်း ဒါကို အညှိုးထားတယ်၊ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြမှုမှာ ပါဝင်တဲ့ အလုပ်သမားတွေကို သိသိသာသာကြီး ခွဲခြား ဆက်ဆံလာတယ်၊ ခိုင်းရင်တောင်မှ ရိုင်းရိုင်း စိုင်းစိုင်းပဲ ခြေထောက်နဲ့ ညွှန်တယ်၊ အဲဒါမျိုးတွေပေါ့ ဒါကို မခံမရပ်နိုင် ဖြစ်ကြလို့ ဘယ်လိုမှလည်း ညှိုနှိုင်းမရတော့လို့ အခုလို စာတင် ရခြင်း ဖြစ်ပါတယ်” ဟု ဇောတိက သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး အလုပ်သမားများအရေး လိုက်လံဆောင်ရွက်ပေးနေသူ ကန်ဘောက်မြို့ခံမှ ပြောကြားပါသည်။

ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းကို CPPB မှ ကန်ထရိုက် ရရှိထားပြီး အလုပ်သမား ရှာဖွေစုဆောင်းမှုကိုမူ Asia Guiding Star Co.ltd မှ ကန်ထရိုက် ရရှိထားပါသည်။ သို့သော်လည်း AGS မှ အလုပ်သမားများအား တာဝန်ယူမှုအပိုင်းတွင် လုပ်ခလစာ နည်းပါးလွန်းခြင်းနှင့် အခြားလုပ်ငန်းခွင်ဆိုင်ရာ ခံစားခွင့်များဖြစ်သည့် ဖယ်ရီကား အကြိုအပို့ စီစဉ်ပေးခြင်း၊ လုပ်ငန်းခွင်အတွင်း သောက်သုံးရေ လုံလောက်စွာ ထားရှိပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်ခြင်းပေးမှု စသည်တို့ကို ထိထိရောက်ရောက် ဝန်ဆောင်မှု ပေးခြင်းမရှိပေ။

ကန်ဘောက်ဒေသရှိ အခြားစီမံကိန်းမှ အလုပ်သမားများနှင့် နှိုင်းစာလျှင် AGS မှ အလုပ်သမားများမှာ များစွာ နိမ့်ကျလျက် ရှိပါသည်။ အခြားကုမ္ပဏီ နှစ်ခုဖြစ်သည့် TOTAL နှင့် Petronas ကုမ္ပဏီတို့တွင် လုပ်ကိုင်နေကြသော အလုပ်သမားများအား ခြောက်လ တစ်ကြိမ် လုပ်ငန်းခွင် အကာအကွယ်ဝတ်စုံ လဲလှယ်ထုတ်ပေးခြင်း တစ်နေ့ အနိမ့်ဆုံး လုပ်အားခမှာ အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ ၁၀၄၀၀ ကျပ်ခန့် ရရှိခြင်း၊ ကားအကြိုအပို့နှင့် အခြားလုပ်ငန်းခွင်ဆိုင်ရာ ခံစားခွင့်များအား အပြည့်အဝ ရရှိလျက် ရှိသည်ကို တွေ့ရပါသည်။

“အလုပ်သမားဦးရေကို ကြိုတင်ကန့်သတ် မပြောပြဘူး၊ ဟိုရောက်မှ မလိုတဲ့လူတွေ အိမ်ပြန်ခိုင်းတယ်၊ နဂိုကတည်း ကလည်း ဖယ်ရီ သေသေချာချာ စီစဉ်ပေးထားတာ မဟုတ်ဘူးလေ၊ အလုပ်သမားတွေ အရမ်းဒုက္ခရောက်ကြတယ်၊ နောက်အချိန်ပို လုပ်အားခကိုလည်း ပုံမှန် နေ့စား နှုန်းထားအတိုင်း ပဲပေးတယ်၊ အဆိုးဆုံးကတော့ အလုပ်သမား ဥပဒေကို လေးစား လိုက်နာမှုမရှိပဲ (၁၈) နှစ်တွေတောင် လုပ်ငန်းခွင် အလုပ်သမားအဖြစ် ခန့်အပ်တာမျိုးတွေလည်းရှိတယ်” ဟု ၄င်းကံပေါက် မြို့ခံမှ ဆက်လက် ပြောပြပါသည်။

အလုပ်သမားများ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ တောင်းဆိုထားသည့် တောင်းဆိုချက်များတွင်

အခြားကုမ္ပဏီများကဲ့သို့ အများတန်းတူ လစာရရှိရန်
- ခွင့်ရက်၊ လုပ်ငန်းခွင်လုံခြံုရေးဝတ်စုံ၊ လုပ်ငန်းခွင်အတွင်း သောက်သုံးရေရှိရေး
- ကြိုပို့ကားအစီအစဉ်၊
- နောက်တစ်နေ့ အတွက် လိုအပ်သော လုပ်သားဦးရေအား ကြိုတင်အသိပေးရန်
- ကြမ်းတမ်း စော်ကားသော အပြုအမူများဖြင့် လုပ်သားများအား မဆက်ဆံရန်
- အလုပ်သမား ခံစားခွင့်နှင့် အခြား အထွေထွေ ခံစားခွင့်များ ရရှိရန်

တို့ပါဝင်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ( တနင်္သာရီတိုင်ဒေသကြီး)၊ အလုပ်သမား ရေးရာ ဦးစီးဌာန၊ ရေဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ Asia Guiding Star Co.ltd၊ PTTEP ၊ International Labor Organization ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ သို့လည်း မိတ္တူ ပေးပို့ ထားပါသည်။

မြန်မာနိုင်ငံ အတွင်း၌ PTTEP ကုမ္ပဏီသည် ဧရာဝတီ မြစ်ကြောင်း တလျှောက်ရှိ ကုန်းတွင်း ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ကွက်သစ် (၁၈) ကွက်၊ မြန်မာ့ကမ်းကွန် ရေနံလုပ်ကွက်အမှတ် M – 3 တွင် သဘာဝ ဓါတ်ငွေ့ ရှာဖွေရန်၊ မုတ္တမ ပင်လယ်ပြင် ထဲမှ M – 9 M- 11 M – 7 တို့အား လုပ်ပိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီ ဖြစ်ပါသည်။

ထိုစာတင်၍ တိုင်တန်း ထားခြင်းအပေါ် တနင်္သာရီတိုင်း ဝန်ကြီးချုပ်မှ တရားဝင် ဆောင်ရွက် ပေးခြင်း မရှိသေးပေ။ PTTEPI ကုမ္ပဏီသည် ထိုင်းနိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံတွင် အကြီးဆုံး လောင်စာ အရင်းအမြစ် ရှာဖွေရေး အစီအစဉ်များကို ကမ္ဘာနှင့်အဝှမ်း ဆောင်ရွက်လုပ်ကိုင်လျက် ရှိပါသည်။

Most read this week