DKBAယမာန်နေ့နံက် (၉) နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဖါးအံမြို့နယ်၌ ရှိသည့် မြိုင်ကြီးငူ ဒီကေဘီအေ စခန်းကို အမှတ် (၁၀၁၁) နယ်ခြား စောင့်တပ် (BGF) တပ်ဖွဲ့များက လက်နက် လိုက်သိမ်း သဖြင့် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပါသည်။ ထိုပစ်ခတ်မှုတွင် BGF အရာရှိ တဦး အပါ၀င်၊ အခြားအဆင့်နှစ်ဦးနှင့် ကားမောင်း သမားတဦး ကျဆုံးပြီး အရပ်သားနှစ်ဦး ဒါဏ်ရာ ရရှိသွားသည်ဟု ဒီကေဘီအေ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးမောင်လေးက ပြောပါသည်။

“ ဖြစ်ပုံက ဒီလိုပါဗျ။ အမှတ် (၁၀၁၉)BGF တပ်ဖွဲ့က ဗိုလ်တင်ညွန့်နဲ့ လူ(၈) ဦးက ကျနော်တို့ ဒီကေဘီအေ တပ်ဖွဲ့နဲ့ လာပူးပေါင်းချင်တယ်။ ကျနော်တို့က လက်ခံလို့မရဘူး၊ အဲဒါနဲ့ သူတို့က မယ်တဝေါဖက်ကို တက်သွားပြီးတော့ အဲဒီမှာရှိတဲ့ ဒီကေဘီအေနဲ့ ပေါင်းချင်တယ်။ မရတော့ ဒါနဲ့ မြိုင်ကြီးငူ ဆရာတော်ထံ သွားခိုင်းပါတယ်၊ အဲဒီလိုဖြေရှင်းနေတုန်း၊ အချိန်မှာ အထင်မှားပြီးတော့ BGF (၁၀၁၁) တပ်တွေက မြိုင်ကြီးငူစခန်းမှာရှိတဲ့ ဒီကေဘီအေ လုံခြုံရေး တပ်တွေကို လက်နက်တွေ လိုက်သိမ်းတယ်၊ အဲဒါနဲ့ စခန်းတခုက ပစ်ထည့် လိုက်တော့ အသေအပျောက်တွေ ဖြစ်သွားခဲ့ပါတယ် ဟု ဗိုလ်မှူး မောင်လေးက ဆိုပါသည်။
ယင်းလက်နက် သိမ်းပွဲတွင် ဒီကေဘီအေ လက်နက် (၃၀)ကျော် သိမ်းဆည်းလိုက်ပါသည်။ ဤကိစ္စနှင့် ပါတ်သက်ပြီး ဒီကေဘီအေ ဖက်က မကျေနပ်သဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်ထံ တင်ပြထားပြီး မနက်ဖြန် ဖေဖေါ်ဝါရီ (၂၀) ရက်နေ့တွင် အဖြေတစုံတရာ ရမည်ဟု ဒီကေဘီအေဖက်က ယုံကြည်နေပါသည်။
ဗိုလ်တင်ညွန့်တို့ အဖွဲ့သည်၊ မြဝတီမြို့နယ် ရွှေကုက္ကိုရွာ၌ အခြေစိုက်သည့် BGF ၁၀၁၉ တပ်ဖွဲ့မှ ဖြစ်ပြီး၊ ၄င်းနေရာတွင် BGF ၁၀၁၁ တပ် များလည်း တပ်စွဲထားပါသည်။ အလားတူ ရွှေကုက္ကိုရွာ ၀န်းကျင်၌ DKBA (၉၀၄- ၉၀၅- ၉၀၆) တပ်ရင်း များ လည်းတပ်စွဲထားပါသည်။
အပြန်အလှန် စည်းရုံးပြီး၊ လက်နက်များ ဖြုတ်သိမ်းနေသည်ဟု အထင်မှားမှုကြောင့် ယခုလို ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့ရသည် ဟု ဒီကေဘီအေဖက်မှ သုံးသပ်ပါသည်။ ဤကိစ္စ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့မှ ဖြေရှင်းပေးလိမ့် မည်ဟု မျှော်လင့်နေကြသော်လည်း နှစ်ဖက် တပ်များကို သတိရှိကြရန် တပ်လှန့် ထားသည်ဟု သိရပါသည်။



