မွန်ပြည်သစ် ပါတီက အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပ

မွန်ပြည်သစ် ပါတီက အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပ
by -
ရွှေဟင်္သာ

မွန်ပြည်သစ် ပါတီ၏ အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေးသည် လာမည့် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသရှိ ၄င်းတို့၏ ဗဟိုဌာချုပ် အတွင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အစည်းအဝေးတွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ကျင်းပသွားသော မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့၏ အပစ်အခတ် ရပ်စဲရေး ဆွေးနွေး ချက်များကို ကြားနာပြီး ဆုံးဖြတ်သွားမည်ဟု မွန်ပြည်သစ် ပါတီ၏ နိုင်ငံခြား ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

Nmsp__Feb_01-13
“လက်ရှိ အစိုးရနဲ့ တွေ့ဆုံမလားဆိုသည့် ဆွေးနွေးရာမှာ ကျနော်တို့က ဗဟိုကော်မီတီက ချမှတ်ထားတဲ့ မူသုံးရပ်နဲ့ဘဲ ဆွေးနွေး မှာပါ။အဲဒီမူ (၃) ရပ်ကတော့

(က) တပြည်လုံး အပစ်အခတ် ရပ်ဆဲရေး၊

(ခ) နိုင်ငံရေးအရ အမြန်တွေ့ဆုံဆွေးနွေးရေး၊

(ဂ) လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ စုပေါင်းတွေ့ဆုံ ဆွေးနွေးရေး တို့ပဲ ဖြစ်ပါတယ်လို့”   NMSP အတွင်းရေးမှူး နိုင်ဟံသာက ပြောပါသည်။

ယခုကျင်းပသည့် ဗဟိုကော်မီတီ အစည်းအဝေးတွင် အထက်ပါ မူကို ပြောင်းလဲ လာမလား ဆိုသည်ကို စောင့်ကြည့်ရန် လိုပါသည်။ မွန်ပြည်သစ်ပါတီ တွင်း၌လည်း အပစ်အခတ် ရပ်စဲရေးနှင့် မရပ်စဲရေး အဖွဲ့ ဟူ၍ နှစ်ပိုင်း ဖြစ်နေပါသည်။ မွန်ပြည်သစ် ပါတီ ဥက္ကဌ ကလည်း၊ တပြည်လုံး အပစ်အခတ် ရပ်စဲခြင်း မရှိသေးဘဲနဲ့နှင့် တဖွဲ့ချင်း အပစ်ရပ်ရေးကို လက်ခံနိုင်စရာ မရှိသေးဘူး ဟုလည်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၈) ရက်နေ့က ကျင်းပသည့် (၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့၌ ပြည်ပ မီဒီယာများကို ထုတ်ဖေါ် ပြောကြား ခဲ့ပါသည်။

မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စနှင့် ဦးအောင်မင်းတို့အား အတူတကွ တွေ့ရစဉ် (ဓါတ်ပုံ - အင်တာနက်)

သို့သော် မွန်ပြည်သစ် ပါတီသည် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီချက် (၅) ချက်ကို  ပြီးခဲ့သည် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌  ပြည်နယ် အာဏာပိုင်များနှင့် ပဏာမ သဘောတူညီ ခဲ့ပါသည်။ ထိုသဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီသို့ တင်ပြအတည်ပြုချက် ရယူမည်ဖြစ်သဖြင့် ယခုလို အစည်းအဝေး ခေါ်ခြင်း ဖြစ်ပါသည်။

မွန်ပြည်သစ် ပါတီသည် (၁၉၉၅) ခုနှစ်တွင် ပထမအကြိမ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီ၊ (၂၀၁၀) ခုနှစ်တွင် နယ်ခြားစောင့်တပ် ပြသနာကြောင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပျက်ပြယ် သွားခဲ့ပါသည်။ ထိုမှတခါ (၂၀၁၁) ခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Most read this week