ကေအန်ယူနှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

ကေအန်ယူနှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်
by -
ဖြူဖြူကို

ယနေ့မနက် (၉) နာရီခွဲ အချိန်ခန့်တွင်၊  မွန်ပြည်နယ် ကျိုက်ထိုအခြေစိုက် ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၉၆) တပ်ရင်းမှ စစ်ကြောင်း (၂) ကို ကေအန်ယူ (KNU) တပ်မဟာ (၅) ဧရိယာရှိ တပ်ဖွဲ့များနှင့်  ဘီလင်းမြို့နယ်၊ ပေါဘော်ထနှင့် ဂိုဏ်အုပ်ကြား၌ မိနစ် (၃၀) ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်ဟု ကေအန်ယူ အရာရှိ တဦးကပြောပါသည်။

ယင်းတိုက်ပွဲတွင် အစိုးရ တပ်ဖက်မှ (၂) ဦးသေပြီး၊ ဒုရင်းမှူး အပါ၀င် (၉) ဦး ဒါဏ်ရာ ရရှိခဲ့ပါသည်။

“ကျနော်တို့ဖက်က ကန့်သတ်ထားတဲ့နေရာဘဲလေ။ သူတို့က အကြောင်းမကြားဘဲနဲ့ တက်လာတာလေ။ သူတို့အ ပြန်မှာ ကျနော်တို့က တိုက်လိုက်တာဘဲ။ သဘောက အစိုးရတပ်တွေဟာ အမြဲတမ်းကို အခွင့် ကောင်းယူပြီးတော့ အသုံးချ နေ ကြပါ။ အခုလည်း ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးပွဲရှိတယ်ဆိုပြီးတော့ ပိတ်နေကျနေရာကို အသိမပေးဘဲတက် လာတယ်လေ။ ဘယ်ရမလဲ။ ဒါကြောင့် အပြန်မှာတိုက်ဖို့ဆုံး ဖြတ်ပြီး တိုက်လိုက်တာပါ” ဟု အဆိုပါကေအန်ယူ အရာရှိက ဆိုပါသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပဲခူးတိုင်း၊ တောင်ငူခရိုင်ရှိ ကေအန်ယူ တပ်မဟာ (၂) ဧရိယာမှာ လည်း ၊ ကေအန်ယူထောင်ထားသည့်မိုင်းကြောင့် အစိုးရတပ်ဖွဲ့မှ စစ်ကားတစီး ပျက်စီးသွားပါသည်။

ကေအန်ယူနှင့် အစိုးရတို့သည်၊ လာမည့်ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်ပါသည်။ အခုလို အချိန်မျိုးတွင် နှစ်ဖက်တိုက်ခိုက်မှုများ၊ ဖြစ်ပေါ်သော်လည်း တွေ့ဆုံဆွေးနွေး ရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ ကေအန်ယူ၏ စစ်ရေး အခြေအနေကို လေ့လာနေသည့် နယ်စပ်ရှိ စစ်ရေးအကဲခတ်များက ဆိုပါသည်။

ကေအန်ယူ အဖွဲ့တွင်း၌လည်း၊ အပစ်အခတ် ရပ်စဲရေးကို လက်ခံသည့်သူများနှင့် လက်မခံသည့်သူများ ဟူ၍ အုပ်စုနှစ်စုရှိနေသည် ဟု ကေအန်ယူအရာရှိများက ပြောပါသည်။ ဤအထဲ၌ ကေအန်ယူ ဥက္ကဌဦးဆောင် သည့် အဖွဲ့က အပစ်အခတ်ရပ်စဲ ရေးကို လက်မခံသလို၊ ကေအန်ယူ စစ်ဦးစီးချုပ် ဦးဆောင်သည့်အဖွဲ့က လက်ခံသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။

Most read this week