အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယမာန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းဘောလုံး၌ လူထုဟောပြောပွဲ ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲ၌ လူထုသိန်းနဲ့ချီတက် ရောက်မည်ဟု ခန့်မှန်းရပါသည်။

"ကျွန်မလည်း ဧရာဝတီတိုင်းသူလို့ ခေါ်လို့ရပါတယ်။ ပုသိမ် ပြည်သူပြည်သားတွေကို အင်မတန် ကျေးဇူးတင်ပါတယ်။ ပုသိမ်ကို ပြန်မရောက်တာ နှစ် ၂၀ရှိပါပြီ။ အရင်တစ်ခေါက် တုန်းကတော့ စက်ဘီးတွေနဲ့ ကြိုကြတယ်။ အခုကျတော့ ဆိုက်ကယ်တွေနဲ့ ကြိုကြတယ်။ ပုသိမ်ကိုလာတာဟာ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ အတွက် စည်းရုံးဖို့ လာတာပါ။ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံ အားပေး မဲပေးကြဖို့ ပြောချင်ပါ တယ်။
ပြည်သူတွေကို အင်မတန် ကျေးဇူးတင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တည်ထောင်ဖို့ဆိုရင် ပြည်သူတွေ ပါ၀င်မှ ဖြစ်မှာပါ။ အထူးသဖြင့် လူငယ်တွေင်္ ပါ၀င်စေချင်ပါတယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်သွားတဲ့ အခါ ပြည်သူတွေရဲ့ ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်။ လူငယ်တွေ အနေနဲ့ အဆင့်မြင့်တဲ့ ပညာရေးကို သင် ယူစေချင်ပါတယ်။ ကျန်းမာရေးလည်း ဂရုစိုက်ဖို့ ပြောချင်ပါတယ်။
ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်တာဟာ အချက်သုံးချက်ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေး ပြည်တွင်းငြိမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေပါ။ ကျွန်မတို့နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ ခဏ ခဏ လုပ်နေတာ မဟုတ် ပါဘူး ဒါအတွက် ပြည်သူတွေ အားလုံးကူညီပေးပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့ ကိုးသိန်းဘောလုံးကွင်းအတွင်း ၁၈မိနစ်ကြာ ပြောဆိုခဲ့သော ပြောကြားချက်၌ ထည့်သွင်းပြောဆိုခဲ့ပါသည်။
အလားတူမြောင်းမြမြို့၌လည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပြီး၊ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုခရီးစဉ်၌လူထု သောင်းနှင့်ချီပြီး ကြိုဆိုခဲ့ကြပါသည်။ " အားလုံးက တက်ညီလက်ညီ ကြိုးစားမယ် ဆိုရင် မဖြစ်နိုင်တာ မရှိပါဘူး။ ပြည်သူ တွေကို အကျိုးပြုဖို့အတွက် ၀ိုင်းဝန်း အားပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်။ ချစ်နေရုံနဲ့ မပြီးသေးဘူး။ မဲပေးဖို့လည်း လိုပါတယ်။ လူငယ်တွေကို အများစုတွေ့ရတယ်။ ဒီခရီးစဉ်မှာ။ လူငယ်တွေက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပဲ ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ကြားခဲ့ပါသည်။
“ကျမတို့နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်ဘဲနဲ့ တကယ် မတိုးတက်နိုင်ဘူး။ နိုင်ငံတိုးတက်ဖို့ လုပ်တဲ့အခါမှာ မြောင်းမြက ရှေ့တန်းကနေ ပါ၀င်စေချင်တယ်။ အားတွေ ထုတ်ထားစေချင်တယ်။ ဒီမိုကရေစီစနစ်မှာ တကယ်အာဏာ ရှိတာ ပြည်သူ့ဆီမှာပါ။ ပြည်သူရဲ့ အာဏာ သြဇာ လွှမ်းမိုးတဲ့ စနစ်ဟာ ဒီမိုကရေစီ စနစ်ပါ။ ရှေ့ခရီးသွားတဲ့အခါမှာ တစ်ဦးကို တစ်ဦး ခွင့်လွှတ်ရင်းနဲ့ သွားမယ်ဆိုရင် ဒီနိုင်ငံရဲ့ အနာဂတ်ကို မျှော်လင့်လို့ရပါတယ်။ ပြည်သူတွေက ကျွန်မတို့ကို ထောက်ခံကြပါ။ အတူလျှောက်ကြပါလို့ မေတ္တာရပ်ခံပါတယ်" စသော ပြောကြားချက်များကို ထည့်သွင်း ပြောကြားခဲ့ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြောင်းမြမြို့မှ ရန်ကုန်သို့ ထွက်ခွာသွားခဲ့ပါသည်။



