ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomás Ojea Quintana သည် ၈၈မျိုးဆက်၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံခဲ့သလို တိုင်းရင်းသား အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသား ကွန်ကရက်မှ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်နှင့် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဦးအေးသာအောင်တို့ အပါအဝင် ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းနှင့် ကချင် တိုင်းရင်းသား အဖွဲ့များ ပါ၀င်ခဲ့သည်ဟု သိရပါသည်။ 
"အဓိက ကတော့ဗျာ၊ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ သူသိချင်တာတွေ ရှိတယ်။ အဲတာတွေကို မေးပါတယ်။ ကျွန်တော်တို့က ဒါတွေကိုပဲ ပြောပြလိုက်ပါတယ်။ သူကတော့ ပြောတာတွေကို နားထောင်ချင်တဲ့ သဘောပါပဲ" ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဥက္ကဌ ဦးခွန်ထွန်းဦး ကပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် ၈၈ မျိုးဆက် ကျောင်းသားများ၊ ၂၀၀၇ မျိုး ဆက် ကျောင်းသားများနှင့် လည်း ယနေ့ညဦးပိုင်းတွင် တွေ့ဆုံခဲ့ပါသည်။ ယင်းတွေဆုံပွဲ၌ ၈၈ မျိုးဆက်ကျောင်းသား များ အဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြံုးချို၊ ကိုဂျင်မီနှင့် ၂၀၀၇ မျိုးဆက်ကျောင်းသားများ ဘက်မှ ကိုကျော်ကိုကိုနှင့် ကိုစည်သူဇေယျတို့ ပါ၀င်ခဲ့သည်ဟု သိရပါသည်။
ယင်းတွေ့ဆုံပွဲ၌ မစ္စတာ Quintana ပြောကြားခဲ့ရာတွင် ကျောင်းသားသမဂ္ဂဆိုသည်မှာ ရှိသင့်ကြောင်းနှင့် ကျစ်ကျစ် လျစ် လျစ် ခိုင်ခိုင်မာမာဖြင့် ဆက်လက် လုပ်ဆောင် သွားသင့်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။ ထို့ပြင်ကျောင်း သားများ လည်း တက္ကသိုလ်များ မြို့ပြင်၌ ရှိနေခြင်းမှာ ကျောင်းသားများအား မိဘရင်ခွင့်နှင့် ဝေးရာသို့ ပို့ဆောင်ပေး သကဲ့သို့ ဖြစ်နေ ပြီး အကျင့် စာရိတ္တ ပျက်ယွင်း စေရန်လည်း ဖြစ်ပေါ်စေသဖြင့် ကျောင်းသားထု၏ အခွင့်အရေးကို ချိုးဖောက်ရာ ကျစေ သည်ဟု ခံစားရ ကြောင်း၊ တက္ကသိုလ်များကို မြို့တွင်းသို့ ရွှေ့ပေးစေလိုကြောင်း၊
ထောင်မှ ပြန်လည် လွတ်မြောက် လာ သော ကျောင်း သားများမှာ ပတ်စ်ပို့မရသဖြင့် နိုင်ငံခြားပညာသင့် အခွင့်အရေး ဆုံးရှုံးနေကြောင်း နှင့် လက်ရှိအချိန်တွင် ကျောင်သားထု၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်မှာ ဆုံးရှုံးလျက်ရှိနေပြီး မြို့တွင်းကျောင်းများမှာလည်း လိုအပ်သည့် အ ထောက်အပံ့ ပစ္စည်း ပစ္စယများ မရရှိသည့်အတွက် ထိုကိစ္စရပ်များကို တောင်းဆိုပေးနိုင်ရန် ကျောင်းသား သမဂ္ဂကို မိမိတို့ အနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း စသည့် အချက်များကို ပြောဆိုခဲ့သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ စည်းရုံးရေး ကော် မတီ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောကြား ခဲ့ပါသည်။
မစ္စတာ Quintana နှင့် ၈၈ မျိုးဆက်ကျောင်းသားများတွေ့ဆုံရာ၌ ၈၈ မျိုးဆက်ကျောင်းသားများဘက်မှ ကျန်ရှိနေ သေး သော နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွတ်မြောက်စေရေး ကိစ္စ၊ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များထံသို့ ကူညီ ထောက်ပံ့ရေး လမ်းကြောင်း လျောလျောလျူလျူ ရောက်ရှိစေရေး ကိစ္စ၊ ပြည်တွင်း လူ့အခွင့်အရေး တိုးတက်မှုဖြစ် ပေါ်စေ ရေး ကိစ္စရပ်များကို ပြောဆိုခဲ့ကြောင်း တွေ့ဆုံရာတွင် ပါ၀င်ခဲ့သည့် ၈၈မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ ကိုပြံုးချိုက ပြောကြားခဲ့ပါသည်။
၈၈မျိုးဆက် ကျောင်းသားများ၏ ပြောဆိုမှုအပေါ် မစ္စတာ Quintana က ပြောကြားခဲ့ရာတွင် သူ့အနေဖြင့် ဖော်ပြပါ ကိစ္စရပ် များနှင့် ဆက်လျဉ်းသော အချက်များကို လုပ်ဆောင်ရန် အစိုးရတာဝန်ရှိသူများကို တိုတ်တွန်းခဲ့ကြောင်း၊ လူအခွင့် အရေး ဆိုင်ရာ တိုးတက်မှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ဆောင်သင့်သည့် အချက်များကို ယခင်ခရီးစဉ် များကတည်းက တင် ပြထားကြောင်းနှင့် ထိုအချက်များကိုပင် ဆက်လက် အကောင်အထည်ဖော်ရန် ယခုခရီးစဉ်၌ အစိုးရ တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်းနှင့် အရာအားလုံးမှာ ဖြည်းဖြည်းမှန်မှန်ဖြင့် တစ်ဆင့်ချင်း ဖြစ်လာလိမ့်မည်ဟု ထင်မြင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရပါသည်။



