လာမည့် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီးသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲကြို စည်းရုံးရေး ခရီးစဉ်အတွက် သက်ဆိုင်ရာ အာဏာပိုင်များ၏ တင်းကျပ်မှု၊ ပိတ်ပင်မှုများ ရှိနေသော်လည်း သွားရောက် ကြိုဆိုကြရန် စိတ်အား ထက်သန်လျက် ရှိကြောင်း ပုသိမ်မြို့ခံများမှ ပြောကြားပါသည်။

“ကျွန်မတို့ကတော့ ဒေါ်စုကို သွားကြိုကြဖို့ သူငယ်ချင်းတွေနဲ့ ညှိထားတယ်၊ ကိုယ့်မြို့ကို လာတယ် ဆိုတော့လည်း တွေ့ ချင်တယ်လေ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ရဲ့ မိန်းခွန့်တွေကိုလည်း ကြားချင်တယ်။ ဆရာမတွေကတော့ ကျောင်းယူနီဖောင်းတွေနဲ့ မသွားဖို့တော့ ကြိုတင် အသိပေး ထားတာတော့ ရှိတယ်၊ အဲဒီနေ့ကျရင် ဒေါ်စု ဓါတ်ပုံပါတဲ့ အကျႌအတူတူ ဝတ်ကြဖို့ သူငယ်ချင်းတွေနဲ့ ညှိထားတယ်၊ အခု အကျႌမရှိသေးတဲ့လူတွေ လိုက်ရှာဝယ်နေကြတုန်းပဲ” ဟု ပုသိမ်ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသူ တစ်ဦးက ပြောသွားခဲ့ပါသည်။
ဒေါ်အောင်ဆန်း စုကြည်သည် လာမည့် ဧပြီလ (၁) ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ဝင်ရောက်ယှဉ်ပြိုင်အနိုင် ရရှိရေးအတွက် ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်များကို မြန်မာနိုင်ငံနှင့် အဝှမ်းသို့ သွားရောက်ရန်ရှိပြီး ထားဝယ်၊ ပခုက္ကူ စည်းရုံးရေး ခရီးစဉ် သွားရောက်ခဲ့ပြီး ဖြစ်ပါသည်။ နယ်ခံ ပုရိသတ်ပေါင်း ထောင်ပေါင်းများစွာ ကြိုဆို ထောက်ခံခဲ့ကြပါ သည်။ သို့သော် မန္တလေးသို့ သွားရောက်ရန် လျာထားသည့် ခရီးစဉ်အတွက် မန္တလေး လူထုအား မိန့်ခွန်း ပြောကြားရန် အတွက် ဗထူးအားကစားကွင်းနှင့် မန္တလေး တောင်ခြေရှိ အားကစားကွင်းကို ငှားရမ်းခြင်းမှာ သက်ဆိုင်ရာ မြန်မာနိုင်ငံ ဘော်လုံး အဖွဲ့ချုပ်တို့၏ ခွင့်ပြုချက် မရရှိ၍ အဆင်မပြေမှုကြောင့် ရက်ရွှေ့ဆိုင်း လိုက်ရပါသည်။
“ပြည်သူတွေရဲ့ အပြည့်အဝ ထောက်ခံမှုကို ရယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ကို လာရောက်တဲ့နေ့တွေ ဖေဖေါ်ဝါရီ (6) ရက်နဲ့ (7) ရက်တွေမှာ တက္ကသိုလ်တွေမှာ ရုတ်တရက်စာမေးပွဲ ကျောင်းသားကျောင်းသူတွေကို Pre exam အနေနဲ့ စစ်မယ်လို့ သိရတယ်။ အန်တီစုကို တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေနဲ့ ပေးမတွေ့ချင်တဲ့ သဘောပါပဲ၊ အထက်က အမိန့်ပေးတယ်လို့ သတင်း ကြားမိပါတယ်” ဟု ပုသိမ်ကွန်ပျူတာ တက္ကသိုလ် ကျောင်းဆရာ တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ဧရာဝတီ မြို့ခံ သတင်းထောက် တစ်ဦးမှ ပြောပြပါသည်။
ဧရာဝတီတိုင်းဒေသကြီးသို့ လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်၌ မိန့်ခွန်းပြောကြားရန် နေရာမှာ ယခုထက်ထိ တိတိကျကျ မသိရသေးပေ။ သွားရောက်ကြိုဆိုရေးကို အားပျော့စေရန် ရည်ရွယ်ပြီး လူထုများ အလုပ်ရှုတ်နေစေရန် တိုင်း အစိုးရက ပုသိမ်မြို့တွင်း၌ စည်ပင်ခွန် များကို စစ်ဆေးလျက်ရှိ ကြောင်း ပုသိမ်မြို့ခံများက ပြောပါသည်။
ပြီးခဲ့သည့် ၂.၂.၂၀၁၂ ရက်နေ့ နံနက် ၁၀ း ၀၀ နာရီတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကံကြီးထောင့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မြို့နယ်ရုံး ဖွင့်ပွဲ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် ဦးကြည် ၀င်း (လပ္ပတ္တာ) က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တိုင်းရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်များ၊ ပုသိမ် ခရိုင် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်များ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ အဖွဲ့ချုပ် အဖွဲ့ဝင်များ လုပ်သား ပြည် သူများ၊ စုစုပေါင်း အင်အား ၁၀၀၀ ခန့်တက်ရောက်ပြီး ထိုအခမ်းအနားတွင် တိုင်းရင်းသား ရိုးရာအကအလှ ကရင်ဒုံးယိမ်း အကများဖြင့်လည်း တင်ဆက် ကပြဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မိမိတို့ ပါတီဌာနချုပ်နှင့် ရုံးခွဲများတွင်သာ စည်းရုံးရေး လုပ်ငန်းများ ကို ပြုလုပ်ရန်နှင့် အခြားနေရာများတွင် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင် လိုပါက သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသို့ (၇) ရက်ကြိုတင် အကြောင်းကြားရန် ကိုယ်စားလှယ်လောင်း များအား နိုင်ငံပိုင် မီဒီယာ သတင်းစာ များမှတဆင့် သတိပေး မှုများကို အစိုးရမှ ထုတ်ပြန် ကြေငြာခဲ့ပြီး ဖြစ်ပါသည်။ ကြားဖြတ်ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စား လှယ်လောင်းများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လာမည့် ဖေဖော်ဝါရီ ၆ ရက်မှ ၁၀ ရက်နေ့ အတွင်း စိစစ် အသိအမှတ် ပြုမည်ဖြစ်ပါသည်။



