စစ်အစိုးရနှင့် KNU တို့ ငြိမ်းချမ်းရေး ဆွေးနွေး နေချိန်တွင် နယ်စပ်ရှိ အစိုးရ တပ်များအတွက် ရိက္ခာပို့ ခွင့်ပေးရန် ကေအန်ယူ တပ်မဟာ (၆) ဗျူဟာမှူးထံ အနန်းကွင်းရှိ အစိုးရနည်းဗျူဟာမှူး က တောင်းဆိုခဲ့သည်ဟု ကေအန်ယူတပ်မဟာ (၆) ဗျူဟာမှူးရုံးမှ ဗိုလ် ကြီး တဦးက ဆိုပါသည်။

“ ဒီလို အနန်းကွင်းမှာရှိတဲ့ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က နည်းဗျူဟာမှူးက ကျနော်တို့ တပ်မဟာ(၆) ဗျူဟာမှူး ဂျိုးစွာကို လူလွှတ်တယ်လေ။ ဟိုဖက်မှာ စကားပြောနေကြပြီးဆိုတော့ မကြာခင်ပြေလည်တော့မှာပါ။ သူတို့က ရိက္ခာ တင်ချင်လို့တဲ့ ခွင့်ပြုပါ ဆိုပြီးတောင်းပါတယ်။ ဒါပေမဲ့ ကျနော်တို့က စောသေးတယ်လို့ ပြောလိုက်တော့ အခုမတင်ဖြစ်သေးဘူး စောင့်နေကြတယ်။ သူတို့ကတော့ အဆင်သင့် လုပ်ထားပြီးလေ၊ အခွင့်ရတာနဲ ့တင်တော့မှာ လက်ဦးမှုယူတာပေါ့” ဟု အဆိုပါ ဗိုလ်ကြီးက ပြောပါသည်။
အနန်းကွင်း ဗျူဟာရုံးတွင် ရိက္ခာကားအစီး (၂၀) လောက် ရှိနေပါသည်။ 13/12/2011 ကတည်းက စပြီး ရိက္ခာများ စသယ်နေခဲ့ပါသည်။ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံစစ်ဗျူဟာ ရုံးတွင်လည်း “ ဒီအတိုင်းပဲ၊ အစီး နှစ်ဆယ်လောက် ရောက်နေပြီလို့ ကျွန်တော်တို့ သိရတယ်၊ ဝေါလေကတော့ နေ့တိုင်းလိုလို ရိက္ခာတွေ ပို့နေတယ်၊ တစ်ခါပို့ရင် ကားအစီး နှစ်ဆယ် သုံးဆယ်နဲ့ သယ်တာ၊ အဲဒီလိုနဲ့ 20011 ခုနှစ် 11 လပိုင်း ကတည်းက စသယ်နေတာ၊ အခုထိပဲ။ အဲဒီ ဘက်ကကျတော့ ဗိုလ်နှုတ်ခမ်းမွေး နဲ့လည်း ငြိမ်းချမ်းရေး သဘောတူ ထားတာရှိတော့ စစ်ရေးအရ အဟန့်အတား မရှိဘူးလေ” KNU တပ်မဟာ(၆)မှ အမည်မဖော်လိုသူ အဆိုပါ ဗိုလ်ကြီးမှ ပြောပါသည်။
သယ်ဆောင် လာသည့် ရိက္ခာ ပစ္စည်းများမှာ ရှေ့တန်း စစ်မြေပြင်၌ ရေရှည် အသုံးပြုနိုင်မည့် အထားခံသည့် ရိက္ခာများ အဓိက ပါဝင်သည်။ ဆန်၊ ဆီ၊ ကြက်သွန်အနီ-အဖြူ၊ ပဲခြမ်း၊ အမဲဗူး၊ အားလူး၊ ဆပ်ပြာ၊ လောင်စာဆီတို့ အဓိကပါဝင်သည်။

ဝေါလေ ဒေသဘက်၌ ရိက္ခာများအပြင် အမြောက်တပ် (အမတ) ၃၁၀ အတွက် လက်နက်ကြီး ခဲယမ်းများလည်း သယ်ဆောင် ဖြည့်ဆည်းလျက် ရှိပြီး ရော့ကက်ပစ် ဒုံးကျည်ဆံများ၊ ရ၅ မမ၊ ၈၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ၊ ၁၀၅ မမ၊ ပွိုင့် (၅) လေယာဉ်ပစ် သေနတ်ကျည်ဆံများလည်း သယ်ဆောင် ဖြည့်ဆည်းလျက် ရှိပါသည်။
ထိုသို့ ရိက္ခာပို့ရာတွင် အကြောင်းပြထားသည်မှာ ဝေါလေ ဒေသတွင် စုပုံထားသည့် ရိက္ခာများသည်၊ စုကလိရွာရှိ ကရင်လူထုနှင့် DKBA မိသားစုဝင်များ ပြန်လည် အခြေချ နေထိုင်ရန်အတွက် စုထားခြင်းဖြစ်သည်ဟု အကြောင်းပြထားပါသည်။
“အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ အစီအစဉ် လုပ်ဆောင်လာတဲ့ နောက်ပေါ့လေ၊ အစိုးရတပ်ဖက်က ဘာတွေညွှန်ကြားချက် ပေးထားခဲ့သလဲ ဆိုတော့ နယ်စပ်ဒေသမှာရှိတဲ့ တပ်စခန်းတွေမှာ ရိက္ခာ တစ်နှစ်စာ ကြိုတင် ပြင်ဆင်မှု လုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီလိုပြင်ဆင်ထားတာဟာ တွေ့ဆုံ ဆွေးနွေးရေး မအောင်မြင်ရင် ရှေ့တန်းစစ်မျက်နှာဖွင့်ပြီး ထိုးစစ်ဆင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ကျွန်တော်တို့ သိရပါတယ်၊ သူတို့ဘက်က စစ်ရေး အခက်အခဲ မရှိအောင် ကြိတင် ပြင်ဆင်ထားတာပါ” ဟုဆိုပါသည်။
ယခု အစိုးရဘက်မှ ရိက္ခာနှင့် စစ်လက်နက် ပစ္စည်းများ သယ်ဆောင် ဖြည့်ဆည်းနေသည့် နေရာများသည် ယခင်က KNU နှင့် အစိုးရ တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားရာ နေရာများဖြစ်ပါသည်။ သို့သော်လည်း ကေအန်ယူနှင့် စစ်အစိုးရတို့သည်၊ (၁၂)ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။ သဘောတူညီချက်များမှာ
အဆိုပါ (၃) ချက်မှာ -
(၁) အပစ်အခတ်ရပ်စဲရေး
(၂) ဆက်ဆံရေးရုံး ထားရှိရေး
(၃) လက်နက်ကိုင်ဆောင်မှုမရှိဘဲ နှစ်ဖက် တပ်များအကြား အသိပေးကာ သွားလာခွင့်ပြုရေး
စသည်တို့ ဖြစ်ပါသည်။
ဤသို့ကြောင့် KNU နှင့် စစ်အစိုးရ တို့သည် 2011 စက်တင်ဘာ လ၌ ဘန်ကောက်၌ တစ်ကြိမ်၊ နိုဝင်ဘာလ၌ ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင်၌ တစ်ကြိမ်၊ ယခု 2012 ဇန်နဝါရီလ၌ ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ တစ်ကြိမ် သုံးကြိမ် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးမှ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ပါသည်။



