မွန်ပြည်သစ် ပါတီနှင့် နိုင်ငံတော် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကိုယ်စားလှယ် အဆင့် ပဏာမ တွေ့ဆုံဆွေးနွေး

မွန်ပြည်သစ် ပါတီနှင့် နိုင်ငံတော် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကိုယ်စားလှယ် အဆင့် ပဏာမ တွေ့ဆုံဆွေးနွေး
by -
ရွှေဟင်္သာ

မွန်ပြည်သစ်ပါတီနှင့် ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးစီး သည့် ကိုယ်စားလှယ် (၈) ဦးပါ နိုင်ငံတော် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဗဟိုအဆင့် တို့သည် ယနေ့ နေ့လည် ၁၀ နာရီ ၄၅ မိနစ်မှ ၁၂ နာရီ ၄၅ မိနစ်ထိ နှစ်နာရီ တိုင်တိုင် ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့ရှိ

မွန်ပြည်သစ်ပါတီနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးစီးသည့် ကိုယ်စားလှယ် (၈) ဦးပါ နိုင်ငံတော် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဗဟိုအဆင့်တို့သည် ယနေ့ နေ့လည် ၁၀ နာရီ ၄၅ မိနစ်မှ ၁၂ နာရီ ၄၅ မိနစ်ထိ နှစ်နာရီ တိုင်တိုင် ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့ရှိ ဖွန်ဖိုင်လင် ဟော်တယ်၌ ပဏာမတွေ့ဆုံ ဆွေးနွေးခဲ့ကြဟု မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား ခဲ့ပါသည်။
NMSP_peace_talk_thumb_medium500_375
“ကျွန်တော်တို့ မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ CEC နှစ်ဦးဖြစ်တဲ့ ကျွန်တော်ရယ်၊ နိုင်ရွှေသိန်းရယ်၊ ဗဟို ကော်မီတီဝင် သုံးဦးဖြစ်တဲ့ နိုင်ဗညားလဲ၊ နိုင်လယီဂကူ၊ နိုင်တလညီတို့ရယ် နောက်တော့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် (၄) ဦးဖြစ်တဲ့ ကျိုက်မရောမြို့နယ်မှ ကော့ပလိုင် ဆရာတော် ဘဒ္ဒန္တကေတုမာလာ၊ သံဖြူဇရပ်မြိ့ု ဆရာတော် ဟံသာထော်၊ နိုင်စိုးမြင့်၊ နိုင်တင်အောင်တို့ ပါဝင်ကြပါတယ်၊ ဒါကလည်း ပမာဏ အဆင့် ဆွေးနွေးပွဲပါပဲ၊ ဘာဆုံးဖြတ်ချက် တစ်စုံတစ်ရာမှ သေသေချာချာ ဆုံးဖြတ်ကြတာ မရှိသေးပါဘူး၊ နှစ်ဖက်အကြား နားလည်မှုရှိတဲ့ ဆွေးနွေးပွဲ အခြေခံ ဆွေးနွေးပွဲ လိုမျိုးပေါ့လေ၊ အစပျိုးနိုင်ခဲ့ရင် နောက်ထပ် တွေ့ဆုံဖို့ အလားအလာ ကောင်းတွေ ဖြစ်လာမှာပါ”ဟု မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးလဲဖြစ်၊ UNFC အတွင်းရေးမှူးလည်း ဖြစ်သူ နိုင်ဟံသာက ပြောပါသည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲ၌ အစိုးရမှ အချက် သုံးချက်ကို တင်ပြခဲ့ပါသည်။ အဆိုပါ သုံးချက်မှာ -

(၁) အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်း၌ ဆက်ဆံရေးရုံးများ ထားရှိရေး

(၂) နိုင်ငံရေး ဆွေးနွေးပွဲများ အကောင်အထည်ဖော်ဆောင်ရေး

(၃) တိုင်းရင်းသားပေါင်း စုံပါဝင်သည့်  ပင်လုံကဲ့သို့သော ညီလာခံကြီးကို နေပြည်တော်၌ လွှတ်တော် အမတ်များ၊ ကိုယ်စားလှယ်များ စုံစုံညီညီ ရှေ့မှောက်တွင် ဖော်ဆောင် ကျင်းပနိုင်ရေး ဟူသော အချက်ပေါ်တွင် အခြေခံထား၍ ဆွေးနွေး ခဲ့ကြခြင်း ဖြစ်ပါသည်။

NMSP_peace_talk1
“ဒီအခြေခံအချက် သုံးချက်ပေါ်မှာပဲ၊ ဆွေးနွေးခဲ့ကြတာပါ၊ ဆွေးနွေးပွဲမှာ သဘောတူညီချက်၊ ဆုံးဖြတ် ချက်ရယ်လို့ တိတိကျကျ ချမှတ်နိုင်ခြင်း မရှိသေးပါဘူး၊ သူတို့ဘက်က အမြင်တွေ သဘောထားတွေကို တင်ပြတယ်၊ ကျွန်တော်တို့ ဘက်ကလည်း အမြင်တွေ သဘောထားတွေကို တင်ပြကြတယ်၊ နှစ်ဖက် အကြား နားလည်မှု တည်ဆောက်ကြတဲ့ ပုံစံမျိုးပေါ့နော်၊ ဒီဆွေးနွေးပွဲ ကြောင့်လည်းကျွန်တော် တို့ အစိုးအပေါ် အမြင်မရှင်းတဲ့ကိစ္စတွေ၊ အစိုးရဘက်ကလည်း ကျွန်တော်တို့အပေါ် အမြင် မရှင်းတဲ့ ကိစ္စတွေကို ညှိုနှိုင်းဆွေးနွေးကြပြီး၊ အချင်းချင်းအကြား နားလည်မှု တစ်ခု ရခဲ့တယ် ဆိုယုံလောက်ပါပဲ၊ ဘာမှဆုံးဖြတ် သဘောတူကြတာ မရှိသေးပါဘူး” ဟု နိုင်ဟံသာက ပြောပါသည်။

နိုင်ငံတော် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဗဟိုအဆင့်နှင့် ဆွေးနွေးမှုမှာ ပထမဆုံး အကြိမ်လည်း ဖြစ်၍ ထိုမတိုင်ခင်က ပြည်နယ် အစိုးရအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် လွန်ခဲ့သည့်အောက်တို ဘာလ (၆) ရက်နေ့၌ ရေးမြို့ရှိ ခလရ (၆၁) ၌ တစ်ကြိမ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့များတွင် မွန်ပြည်သစ်ပါတီ ဗဟို ဌာနချုပ်၌တစ်ကြိမ်၊ နှစ်ကြိမ် ဆွေးနွေး ခဲ့ကြသေးသည်။

ယခုကဲ့သို့ ပါတီညီလာခံ ကျင်းပနေဆဲ အချိန်ကာလ၌ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း သည်လည်း အစိုးရ ဘက်မှ သဘောထား အမြင်များကို ကျင်းပနေဆဲဖြစ်သည့် ပါတီညီလာခံ၌ တက်ရောက် လာကြသည့် မွန်ပြည်သစ် ပါတီ အဖွဲ့ဝင် ကိုယ်စားလှယ်များအား တင်ပြဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ယခု ပမာဏ ဆွေးနွေးပွဲအား ပြုလုပ်ရခြင်း ဖြစ်သည်ဟု သိရပါသည်။ အစိုးဘက်မှ လာမည့် ဇန်နဝါရီလတွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန် တင်ပြထားသော်လည်း မွန်ပြည်သစ်ပါတီဘက်မှ တစ်စုံတစ်ရာ တုံပြန်မှု မရှိသေးဟု သိရပါသည်။

မွန်ပြည်သစ်ပါတီသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလ၌ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေး ပျက်သုဉ်းခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီမှ ပြည်တွင်းရှိ လက်အောက်ခံအုပ်ချုပ် ရေးနှင့် ဆက်ဆံရေး ရုံးများအား ရုပ်သိမ်းခဲ့ကာ စစ်တပ်များကိုလည်း စစ်ဘက်ဆိုင်ရာ လုံခြံုရေးအရ အမြင့်ဆုံးအနေအထား တပ်လှန့် ထားခဲ့သေးသော်လည်း ယနေ့အထိ စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ တို့အကြား ကြီးကြီးမားမား လက်နက်ကိုင် ပဋိပက္ခ ပေါ်ပေါက်ခဲ့ခြင်း မရှိသေးပေ။

Most read this week