ကရင်ပြည်နယ် မြဝတီမြို့မှ လူဝင်မှုကြီးကြပ် ရေးရုံးသည်၊ ထိုင်းနိုင်ငံသို့ ၀င်ရောက်သည့် မြန်မာ အလုပ်သမား များအတွက် ပြည်ထွက်ခွင့်(Departure stamp) တံဆိပ်ခတ်နှိပ် ရန်အတွက် ယခင်ကထက် (၁၀) ဆမျှ ပိုတောင်းခဲ့သည်ဟု ကိုယ်တိုင် သွားရောက် ၀န်ဆောင်ပေးခဲ့သူ တဦးက ပြောပါသည်။
ကရင်ပြည်နယ် မြဝတီမြို့မှ လူဝင်မှုကြီးကြပ်ရေးရုံးသည်၊ ထိုင်းနိုင်ငံသို့ ၀င်ရောက်သည့် မြန်မာ အလုပ်သမား များအတွက် ပြည်ထွက်ခွင့်(Departure stamp) တံဆိပ်ခတ်နှိပ် ရန်အတွက် ယခင်ကထက် (၁၀) ဆမျှ ပိုတောင်းခဲ့သည်ဟု ကိုယ်တိုင် သွားရောက် ၀န်ဆောင်ပေးခဲ့သူ တဦးက ပြောပါသည်။ ထိုအလုပ်သမား များသည်၊ ထိုင်းနိုင်ငံ၌ သဘာဝ ရေဘေးအန္တရာယ် ကျရောက် ခဲ့စဉ်က နေရပ်သို့ ပြန်ခဲ့သူများ ဖြစ်ပါသည်။
“ သတ်မှတ် နှုန်းထားကတော့ မြန်မာငွေ (၃၀၀) ကျပ်ပါပဲ ထိုင်းဘတ်ငွေ (၁၀)ဘတ် ကျော်ကျော်ပေါ့။၊ ဒါပေမယ့် အခု ချစ်ကြည်ရေး တံတားဖွင့်ပြီးတော့ အလုပ်သမားတွေ ထိုင်းကို ပိုပြီး ဝင်လာကြတယ်လေ၊ ကျွန်တော်ကိုယ်တိုင် သွားလုပ်တော့ တစ်ယောက်ကို ဘတ်ငွေ (၁၃၀)တောင် တောင်းတယ်၊ ကျွန်တော် ကလည်း အမြတ် အများကြီးရတာ မဟုတ်ပါဘူး၊ ကိုယ့်နိုင်ငံသားတွေ အဆင် ပြေစေချင်လို့၊ မသွားတတ် မလာတတ်တဲ့ လူတွေကို လိုက်လံကူညီ လုပ်ဆောင်ပေးနေတာပါ၊ အဲလောက်ထိတောင် တောင်းတာ ကတော့ တရားလွန်လွန်းပါတယ်” ဟု အမည် မဖော်လိုသူ ပွဲစားတဦးက ပြောပါသည်။

ထိုင်းနိုင်ငံ၌ သဘာဝ ရေဘေးအန္တရာယ်ဖြစ်ခဲ့စဉ် မြန်မာအလုပ်သမား ထောင်ပေါင်းများစွာ နေရပ်ဌာနသို့ ပြန်ခဲ့ကြပါသည်။ အထူး သဖြင့်ဌာနေပြန် အလုပ်သမားများ၏ (၉၀) ရာခိုင်နှုန်း ကျော်ခန့်သည် နှစ်နိုင်ငံ အစိုးရတို့ အဆင်ပြေရန် စီစဉ်ထားသည့် မဲဆောက်-မြဝတီ လမ်းမှတစ်ဆင့် ပြန်ခဲ့ကြပါသည်။ နေရပ်ပြန်ခဲ့ စဉ်ကမူ ထိုင်းနိုင်ငံ၏ အထွက်တံဆိပ်တုံးမပါခဲ့သည့် အလုပ်သမားများသည် ယခုပြန်လည် ဝင်ရောက် လာစဉ်၌ ထိုင်းဘက်မှ ပြည်ဝင်ခွင့် ပြန်ပေးရန် ငြင်းဆန်မှု ရှိခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမား အနည်းစုသာ ဌာနေသို့ ပြန်ခဲ့ခြင်း ဖြစ်ပြီး အများစုမျာ ရရာအလုပ်ကိုရှာကြံ လုပ်ကိုင်ကာ ထိုင်းနိုင်ငံ၌ ဆက်လက် ရပ်တည်ခဲ့ကြပါသည်။
“အဲဒီ အဖြစ်အပျက်တွေကို အထက်က ဦးစီးမှူးတွေ မသိကြပါဘူး၊ သူတို့က သူတို့ အလုပ်နဲ့ပဲ သူတို့ ရှုပ်နေကြတာ၊ ကျွန်တော်တို့လို ပွဲစားတွေတောင်မှ ဦးစီးမှူးတွေဆီကို မပေါက်ပါဘူး၊ ကိုယ်တိုင် လုပ်တဲ့ လူတွေဆိုရင် ဝေးရောပေါ့၊ အောက်ခြေဝန်ထမ်း တွေနဲ့ပဲ တွေ့ရတာ၊ အခု အဲဒီ အောက်ခြေဝန်ထမ်းတွေက အကွက်ရှာပြီး လာဘ်စားနေကြတာ၊ ဦးစီးမှူးတွေ ပြောသံ ကြားတာကတော့ တရားဝင် နှုန်းထားက မြန်မာငွေ (၃၀၀) ကျပ်ပါပဲတဲ့၊ လွန်ခဲ့တဲ့ (၁၇) လ ကတည်းက ဒီနှုန်းထားနဲ့ သတ်မှတ်ထားတာတဲ့၊” ဟု ၄င်းပွဲစားက ဆက်လက် ပြောပြပါသည်။
![]()
ပြီးခဲ့သည့် နိုင်ဝင်ဘာလ (၃) ရက်နေ့၌ ရေဘေးခံ မြန်မာအလုပ်သမားများ နေရပ်သို့ အလွယ်တကူ ပြန်နိုင် ရန်အတွက် သက်ဆိုင်ရာ ထိုင်း-မြန်မာ အာဏာပိုင်တို့မှ ညှိုနှိုင်းပြီး မြဝတီချစ်ကြည်ရေး တံတားအား ခေတ္တမျှ ဖွင့်ပေး ခဲ့ပါသည်။ သို့သော်လွန်ခဲ့သည့် ဒီဇင်ဘာ (၅) ရက်နေ့ ထိုင်းဘုရင် မင်းမြတ်၏ မွေးနေ့၌ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် (၁၇) လကျော်ကြာ ပိတ်ထား ခဲ့သည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားအား တရားဝင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါသည်။ မြဝတီလမ်းမှတစ်ဆင့် မဲဆောက်၊ ထိုင်းနိုင်ငံသို့ ဝင်ရောက်သူ မြန်မာနိုင်ငံသား အလုပ်သမားများမှာ တစ်နေ့လျှင် အနည်းဆုံး (၄၀၀) ဦးခန့် ဝင်ရောက်လျက် ရှိသည်။ ချစ်ကြည်ရေးတံတား စတင် ဖွင့်လှစ်ပေးခဲ့သည့် နေ့၌ (၂၀၀၀) ဦးအထိ ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။
ထိုင်းနှင့် မြန်မာအစိုးရတို့၏ နှစ်နိုင်ငံ နားလည်မှု စာချွှန်လွှာအရ ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသား အလုပ် သမားများအား MOU အစီအ စဉ်ဖြင့် တင်သွင်းရန် ရှိနေပါသည်။ သို ့သော်လည်း ယနေ့အထိ အရေအတွက် မည်မျှ တင်သွင်းပြီးကြောင်းနှင့် မည်မျှ ဆက်လက် တင်သွင်းရန် ကျန်ရှိနေသေးသည်ကို နှစ်နိုင်ငံ အစိုးရများမှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။



