နွားကျောင်းသား ၅ ဦးအား အစိုးရတပ်မှ ပြန်လွတ်ပေး

နွားကျောင်းသား ၅ ဦးအား အစိုးရတပ်မှ ပြန်လွတ်ပေး
by -
ပါးရယ်

ကရင်နီတပ်မတော်၏ သူလျှို ဖြစ်နိုင်သည်ဟု မသင်္ကာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော ဆယ်ကျော်သက်အရွယ် နွားကျောင်းသား ၅ ဦးအား ၅ ရက်မြောက်နေ့တွင် မြန်မာအစိုးရ တပ်တို့က ပြန်လှည်လွတ်ပေးလိုက်ကြောင်း သိရသည်။

ကရင်နီပြည် ဖရူဆိုမြို့နယ် မာခရိုရှေး ကျေးရွာ အနီးတွင် တပ်စွဲထားသော အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၄၂၈က ၎င်းမြို့နယ်ရှိ လောဂျာ ကျေးရွာမှ နွားကျောင်းသော ရွာသား ၅ ဦးကို ကရင်နီ တပ်မတော်အတွက် ထောက်လှမ်းစုံစမ်းပေးနိုင်သည်ဟု ယူဆ၍ နိုဝင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီး စစ်ဆေးခဲ့ပြီး ၂၀ ရက်နေ့တွင် ပြန်လွတ်ပေးလိုက်ကြောင်း ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက  ပြောသည်။
tending-cows

“စစ်တပ်တွေက နွားကျောင်းတဲ့ ရွာသားတွေကို မယုံဘူးပေါ့။ နွားကျောင်းတာ မဟုတ်ဘူး၊ ကျနော်တို့ကို လိုက်လံထောက်လှမ်းနေတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒါ နွားကျောင်းသားတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာ” ဟု ၎င်းက ပြောသည်။

တပ်တွင်း၌ ၅ ရက်တာ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့စဉ် မည်ကဲ့သို့ ပြုမှုဆက်ဆံခဲ့သည်ကို အတိအကျ မသိရှိရသေးပါ။

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ မာခရိုရှေး ကျေးရွာအုပ်စုမှ ကျေးရွာများသည် တောင်ယာ၊ ယာခင်းနှင့် စိုက်ပျိုးရေး ခြံများကို လုပ်ကိုင်စားသောက်ကြပြီး အလုပ်အကိုင်များအတွက် စက်နှင့် ကျွဲနွားများကို အသုံးပြုကြသည်။ ရွာသားများသည် ကျွဲ၊ နွားများ၏ စားကျက်အတွက် ရွာပြင်တွင်သွားကျောင်းလေ့ရှိ သည်ဟု မာခရိုရှေး ကျေးရွာမှ ရွာသား တဦးက ပြောသည်။

“ရွာထဲမှာက ရွာသားတွေ ခြံတွေနဲ့ လုပ်စားကုန်တယ်။ ရွာသားတွေက စိုက်ပျိုးရေးတွေ လုပ်စားကြတယ်။ ပြောင်းဖူးနဲ့ စိုက်တာတို့ တခုခုပေါ့။ ကျွဲ၊ နွားတွေနဲ့ လွတ်ထားလို့ မရဘူးလေ။ ဒါကြောင့် ကျွဲ၊ နွားတွေကို ရွာအပြင်မှာ သွားကျောင်းကြတယ်။ ရွာပြင်မှာ သွားကျောင်းကြပေမဲ့ အခုက မြေ နေရာ မရှိတော့ဘူးလေ။ ကျွဲ၊ နွားတွေ ကျောင်းဖို့ စားကျက် ရှားပါးသွားပြီ” ဟု သူက ပြောသည်။

အသစ် တက်လာသော မြန်မာအစိုးရက ဖရူဆိုမြို့နယ်ရှိ မာခရိုရှေး၊ လောဂျာနှင့် ဒေါလောခူ ကျေးရွာ အကြားတွင် ပြည်သူပိုင် ခြံမြေ ဧကပေါင်း ၂၇၀၀ ခန့်ကို ပြီးခဲ့သည့် ဇူလိုင်လက သိမ်းဆည်းခဲ့ပြီး အမှတ် ၁၄ တပ်မတော်တန်းမြင့် စစ်လေ့ကျင့်ရေးကွင်း တည်ဆောက်နေကာ လုံခြံုရေးအတွက် ခမရ ၄၂၈၊ ၅၇၅ နှင့် ၅၃၀ စစ်ကြောင်း ၃ ကြောင်းတို့ကို အချိန်ပြည့် ချထားလျက်ရှိသည်။

Most read this week