အမေရိကန်တွင် ပထမဦးဆုံး ကားမောင်းသည့် အတွေ့အကြံု

အမေရိကန်တွင် ပထမဦးဆုံး ကားမောင်းသည့် အတွေ့အကြံု
by -
ကန္တာရဝတီတိုင်း(မ်)

ထိုင်း-မြန်မာနယ်စပ်တွင် နှစ်ပေါင်း ၂၀ နီးပါး ဒုက္ခသည်များအဖြစ် နေထိုင်ခဲ့ကြရာမှ ယခု အမေရိကန်နိုင်ငံသို့ တတိယနိုင်ငံ အခြေချနေ ထိုင်ရေး အစီအစဉ်ဖြင့် ရောက်ရှိသွားကြသော ကရင်နီအများစုသည် ကားမောင်းသည့် အတွေ့ အကြံုကို မိမိတို့ ဘဝ၌ ပထမဦးဆုံး အကြိမ်အဖြစ် ကြံုတွေ့ကြသည်။

နယ်စပ်ဒုက္ခသည်စခန်း၌ နေထိုင်ခဲ့စဉ်တွင် အစိုးရ မဟုတ်သော အဖွဲ့အစည်း (အဲန်ဂျီအို)တို့၏ ကားများကို ဆေးရုံသွားသည့် အခါ၌သာ စီးခွင့် ရကြသည်။

အမေရိကန်၌ သွားရောက်အခြေချနေထိုင်သော ကရင်နီဒုက္ခသည်များသည် အလုပ်အကိုင်များလုပ်ကိုင်ကြ ၍ ၀င်ငွေများ ရရှိကာ ကားများ ၀ယ်စီးနိုင်ကြသည်။ ကားမောင်းသည့် အတွေ့အကြံုသစ်တို့ကြောင့် ယခု နိုဝင်ဘာလအတွင်း အမေရိကန်မှ ကရင်နီလူငယ်များ ကားတိမ်းမှောက်မှု နှစ်ခါ ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

amerin
နိုဝင်ဘာလ ၁၁ ရက်နေ့က Texas ပြည်နယ် Houston မြို့မှ ဆယ်ကျော်သက် အရွယ်ရှိ ပလဲရယ်၊ စောလယူ၊ ပလုရယ်၊ လဘွယ်ထူးနှင့် မော်ရယ်တို့သည် ကားမှောက်၍  ဒဏ်ရာရသဖြင့် Americare Ambulance Service အကူအညီဖြင့် ဆေးရုံသို့ တင်ပို့ကုသခံခဲ့ရသည်ဟု ၎င်းမြို့မှကရင်နီအမျိုးသား လူငယ် တဦးက ပြောသည်။

“သူတို့ အဝေးပြေး လမ်းမမှာ သွားတော့ လမ်းသွားမှားတယ်တဲ့။ ကားမောင်းသူက စဉ်းပေါ်ကျော်မောင်း နေပြီး လမ်းထဲမှာ နည်းနည်းမောင်းဝင် သူ့သူငယ်ချင်းက ကားမောင်းသူကို ပြောတယ်တဲ့။ ကားမောင်းတဲ့ သူက ဘယ်လို ဖြစ်သလဲ၊ ပိုပြီး ကြောင်သွားတာလား မသိဘူး။ လမ်းအပြင်ဘက် ထွက်ပြီး မြောင်းထဲမှာ ကျသွားတယ်တဲ့” ဟု သူက ရှင်းပြသည်။

ကားတိမ်းမှောက်မှုကြောင့် ကားမောင်းသမား အပါအဝင် ကားပေါ်၌ စီးနှင်လာသော ကရင်နီလူငယ် ၄ ဦး ဒဏ်ရာရကြသဖြင့် ၄ ဦးမှာ Livingston Memorial Hospital သို့ တင်ပို့ခံရပြီး ဒဏ်ရာအပြင်းထန်ဆုံး စောလယူမှာ Hermann Hospital သို့ တင်ပို့ကုသခံခဲ့ရသည်။

အလားတူ နိုဝင်ဘာလဆန်းပိုင်းက Minnesota ပြည်နယ်မှ Saint Paul မြို့တွင် နေထိုင်သော စေးရယ်၊ ကလောရယ်၊ ဆော်မယ်နှင့် ကူးမိုတို့သည် ကားတိမ်းမှောက်၍ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ တင်ပို့ကုသခြင်း ခံခဲ့ရကြောင်း ထိုမြို့တွင်် နေထိုင်သူ ကရင်နီလူငယ်တဦးက ပြောသည်။

“လမ်းပေါ်မှာ ကားမောင်းသွားတဲ့ အချိန်မှာ သမင် တကောင်က သူတို့ ရှေ့မှာ ဖြတ်သွားတယ်တဲ့။ အဲဒီသမင်ကို ရှောင်ရင်း ဘရင်းကို တအား နှိပ်မိမယ် ထင်တယ်။ ကားမှောက်ပြီး လိမ့်သွားတယ်တဲ့” ဟု သူက ပြောပြသည်။

အမေရိကန်တွင် ကရင်နီလူမျိုးများ ကားတိမ်းမှောက်မှု ဖြစ်ပွားခြင်းသည် ယခုလအတွင်း ဖြစ်ပွားသော ဖြစ်ရပ်များ တခုတည်း မဟုတ်ဘဲ အခြားသော ကားတိမ်းမှောက်မှုများလည်း ရှိခဲ့သည်ဟု သိရသည်။

မိမိကိုယ်ကို မတော်တဆ သတိလစ်ပြီး ကားတိမ်းမှောက်မှုများ ရှိသကဲ့သို့ ကားမောင်းကျွမ်းကျင်မှု အားနည်းချက်များနှင့် လမ်းကြွမ်းကျင်မှု မရှိသေးသည့်အတွက် တပါးသူတို့၏ ကားများကို ၀င်တိုက်သည့် ဖြစ်ရပ်များလည်း ရှိကြောင်း Saint Paul မြို့မှ ကရင်နီလူငယ်တဦး ဖြစ်သည့် ဖရေရယ်က ပြောသည်။

အမေရိကန်တွင် ကားမောင်းခွင့် ရရန်အတွက် ယာဉ်စည်းမျဉ်းစည်းကမ်းများ ဖြစ်သော စာတွေ့၊ လက်တွေ့ စာမေးပွဲတို့ကို ဖြေဆိုရကြောင်း၊ ကားမောင်းရာတွင် ယာဉ်၏ စည်းမျဉ်းစည်းကမ်းချက်များကို လိုက်နာရကြောင်း သူက ပြောသည်။

“ကားမောင်းပြီးဆိုလို့ရှိရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ဟာတွေ လုံးဝ မသုံးစွဲရဘူး။ နောက်ပြီး ကားတွေ တအားများတယ်လေ။ အဲဒါ လမ်းဖြတ်ပြီဆိုရင် သေချာကြည့်ပြီး သွားရတယ်။ လမ်းအရမ်းလျှောက် ဖြတ်တာတို့ဆို အန္တာယ် များတယ်။ ကားမောင်းပြီးဆိုရင် အရှေ့အနောက်မှာရော ဘယ်ညာမှာရော ကားတွေ များတယ်လေ။ သတိထားရမှာပေါ့” ဟု ဖရေရယ်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကရင်နီဒုက္ခသည် အမှတ် ၁ နှင့် ၂ ဟူ၍ စခန်း နှစ်ခု ရှိပြီး ဒုက္ခသည် ၁၇၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ ၂၀၀၈ မှ ၂၀၁၁ ခုနှစ်အထိ အမေရိကန်သို့ ကရင်နီဒုက္ခသည် ၁၀၀၀၀ ကျော် သွားရောက်အခြေချနေထိုင်ပြီ ဖြစ်သည်။

Most read this week