တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရသစ် ကိုယ်စားလှယ် အဖွဲတို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ပဏာမအဆင့် အနေဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။
နို၀င်ဘာလ ၁၉ ရက်နေ့တွင် KNPP မှ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး၊ ပါတီဗဟိုအလုပ်မှုဆောင် ကော်မီတီဝင် ခူဖဲဘူးတို့နှင့် မြန်မာအစိုးရသစ်မှ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
“ဘာမှတော့ မဆွေးနွေးဖြစ်ဘူး။ သူတို့ လာဖိတ်တယ်။ အဲလိုပဲ ပြောတယ်။ အခုက လူကိုယ်တိုင် လာပြီး ဖိတ်တယ်ဆိုတော့ တရားဝင်ပေါ့” ဟု ကရင်နီပြည် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ကန္တာရ ၀တီတိုင်း(မ်)ကို ပြောသည်။
တွေ့ဆုံမှုအတွင်း နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ရန်၊ အပြန်အလှန် ဆက်ဆံရေး အဖွဲ့ ထားရှိပြီး ဆက်သွယ်ရေးရုံး ဖွင့်လှစ်ထားရှိရန်၊ လက်နက် မပါဘဲ နယ်မြေ ဖြတ်ကျော်ခွင့်အပြင် ဗဟိုအစိုးရနှင့် ဆွေးနွေးရန်၊ အချိန်နှင့် တွေ့ဆုံမည့် နေရာ သတ်မှတ်ရန်အတွက် အစိုးရကိုယ်စားလှယ် ဖက်က တင်ပြဖိတ်ကြားခဲ့သည်ဟု ဗိုလ်ချုပ် ဘီထူးက ပြောသည်။
ယခုနှစ် မတ်လက စ၍ မြန်မာနိုင်ငံတွင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် တက်လာပြီးနောက်ပိုင်း အစိုးရ၏ လုပ်ဆောင်ချက်များ အပေါ်တွင် ထောက်ခံသူများ ရှိသကဲ့သို့ မြန်မာနိုင်ငံသည် အကောင်း ဘက်ဆီကို အမှန်ပင် ပြောင်းလဲလာလိမ့်မည်ဟု ယုံကြည်သည့်အတွက် KNPP အနေဖြင့် အစိုးရသစ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု KNPP အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောသည်။
“ဒီအခွင့်အရေးကို ယူပြီး ဒီတခေါက်တော့ ပြေလည်မလား ဆိုတဲ့ စဉ်းစားချက်တော့ ရှိတယ်။ ဒါကြောင့်မို့ အပစ်ခတ်ရပ်စဲရေး ကိစ္စကိုတော့ ကျနော်တို့ လုပ်သင့်တယ်။ လုပ်ဖို့လည်း လိုတယ်လို့ ကျနော်တို့ စဉ်းစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထုတွေကလည်း ဆင်းရဲဒုက္ခ ရောက်နေတာ ကြာပြီလေ။ ကျနော်တို့ကလည်း လက်နက်ကိုင် ပဋိပက္ခကိုလည်း အဆုံးသတ်ချင်တာလည်း ပါတာပေါ့” ဟု ၎င်းက ပြောသည်။
၁၉၉၃၊ ၉၄၊ ၉၅၊ ၉၈ နှင့် ၂၀၀၇ ခုနှစ်များတွင် KNPP နှင့် မြန်မာစစ်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး အတွက် နဝတ၊ နအဖ စစ်အစိုးရတို့ တာဝန်ယူစဉ် ကာလများက အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ သော်လည်း မည်သည့် အပြောင်းအလဲမျှ မဖြစ်ပေါ်ခဲ့ပေ။



