ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင်စစ်တပ်မှ သိမ်း ယူ ထားသော ရွာသားပိုင်ခြံမြေများမှကောက်ပဲ သီးနှံ နှင့်စပါးများ အလျင်အမြန် ရိတ်သိမ်းရန်အမိန့်ချမှတ် ခြင်းခံရကြောင်း သိရသည်။
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းမှ လောဂျာ၊ မားပရိုရှေ့နှင့် ဒေါလောခူ ရွာသုံးရွာတို့မှ ရွာသားပိုင် ခြံမြေ ၂၇၀၀ ဧကအား အဆင့်မြင့်စစ်ရေးလေ့ကျင့်ရေးကွင်း တည်ဆောက်ရန် ယခုနှစ်ဖေဖော်ဝါရီလက သိမ်းယူခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ရေးကွင်း မဆောက်ခင်ကာလအတွင်း စိုက်ပင်များရာယီတခဏတာ စိုက်စားရန် ရွာသားများမှ အာဏာပိုင်တို့ထံ တောင်းခံခဲ့ရာမှ စိုက်ပျိုးခဲ့သောသီးနှံနှင့်စပါးများယခုလို အလျင်အမြန် ရိတ်သိမ်းခိုင်းသည့် အမိန့်ကျလာခြင်းဖြစ်သည်။
နို၀င်ဘာလ ၁၁ ရက်နေ့က စစ်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ဖြစ်သူမှ တပ်တွင်းသို့သွယ်တန်း သည့် လမ်းဖောက်လုပ်နိုင်ရန်အတွက် စိုက်ခင်းများအတွင်းရှိ သီးနှံများကို အမြန်ဆုံး ရိတ်သိမ်းရန် အမိန့်ထုတ်လိုက်ဟု ဒေသခံတို့၏ ပြောပြချက်အရသိရသည်။
လယ်သမားများက စပါးကို အလျင်မီအောင် ရိတ်သိမ်းနိုင်မည်ဖြစ််သော်လည်း ကျန်ရှိသည့် ပဲသီး၊ ပြောင်းကောက် စသည့်သီးနှံတို့မှာ ဆွတ်ခူးသိမ်းဆည်းရန် မရင့်သေးသည့်အတွက် ရိတ်သိမ်းနိုင်ဦးမည် မဟုတ်ဟု ဒေသခံများက ပြောသည်။
“သီးနှံရိတ်သိမ်းလို့ရမှာက စပါးလောက်ပဲ။ ကျန်နေတဲ့သီးနှံကတော့ ရှုံးသွားမှာပဲ” ဟု ဒေါလောခူမှ ဒေသခံတဦးက ပြောသည််။
ဘိုးဘွားပိုင်လယ်ယာမြေများကို အမှီပြုပြီး စပါး၊ နှမ်း၊ မြေပဲနှင့် ပြောင်း စသည့် သီးနှံများကိုဒေသခံ ပြည်သူများ အနေဖြင့့် နှစ်စဉ် လုပ်ကိုင်စားသောက်နေကြရသည့် မြေယာများကို အစိုးရမှသိမ်းဆည်း လိုက်ခြင်းကြောင့်် မြေယာသိမ်းဆည်းခံရသော ပြည်သူများအတွက် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေး ဗဟိုဌာနမှပြောရေးဆို ခွင့်ရှိသူ ဗားမားနိုင်းက ပြောပါသည်။
“ဘိုးဘွားပိုင် မြေတွေကို လုပ်ကိုင်စားသောက်လာကြတဲ့နေရာမှာ မြေတွေသိမ်းလိုက်တော့စားဝတ် နေရေး အခက်အခဲ ဖြစ်တာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကတည်းက အဆောက်အဦးများ စတင်ဆောက်လုပ်နိုင်ရန်အတွက်ဆောက်လုပ်ရေး ပစ္စည်းများ ပို့ဆောင်ထားပြီးဖြစ်ကာ မြေညှိခြင်း၊ လမ်းဖောက်ခြင်းတို့ကို စတင်လုပ်ဆောင်နေသည်ဖြစ်ရာ စက်ယန္တယားများနှင့် ဆောက်လုပ်ရေးအလုပ်သမားများ၏ လုံခြံုရေးအတွက် ယခင်က ဒေသအတွင်း လှုပ်ရှားနေသည့် အစိုးရတပ် ခြေမြန်တပ်ရင်း ခမရ ၅၇၅ နှင့် ခမရ ၅၇၆ တို့အပြင် ယခုအခါ ခမရ ၄၂၈ တပ်ရင်းတရင်း ထပ်မံတိုးချထားကြောင်းလည်း ဗားမားနိုင်းက ပြောသည်။
“အဲဒီမြေနေရာတွေမှာ လမ်းဖောက်တာမြေထိုးတာတွေ လုပ်နေပြီ။ ဒေသခံတွေကတော့ တခြားမှာ စိုက်ပျိုးစရာနေရာသစ် ပြန်လိုက်ရှာနေရတယ်” ဟု မားပရိုရှေ့ဒေသခံတဦးက ပြောသည်။
မတရားသိမ်းဆည်းထားခြင်းခံရသော မြေယာစိုက်ခင်းများ ပြန်လည်ရရှိရေးအတွက် သိမ်းဆည်းခံ ဒေသခံပြည်သူများမှ ကရင်နီပြည်နယ်အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်ရုံးသို့ ဧပြီလ ၁၆ ရက်နေ့ကလက်မှတ် ရေးထိုးကာ အသနားခံစာ တင်သွင်းခဲ့သော်လည်း ပြည်နယ်အစိုးရမှ ယနေ့တိုင် တစုံတရာအရေးယူ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဗားမားနိုင်က ပြောသည်။
အဆိုပါ ဒေသတွင် နေထိုင်သည့် လူထုများအနေဖြင့် နောက်နှစ်များတွင် စိုက်ပျိုးသီးနှံများအတွက် ထွန်ယက်စိုက်ပျိုးရန် မြေယာအခက်အခဲရှိလာနိုင်ပြီး ရွာနှင့် အလှမ်းဝေးကွာသည့် မြေနေရာသစ်များကို ရှာဖွေပြောင်းရွှေ့လုပ်ကိုင်ကြရလိမ့်မည်ဟု ဆိုသည်။



