ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့တွင် ငွေတောင်ဆည် တာဘောင်ပေါ်ရှိ ကာလမ်းမကြီး ပျက်စီးလာသော ကြောင့် အစိုးရမှ သက်ဆိုင်ရာ ဆောက်လုပ်ရေး အဖွဲ့က ကတ္တရာ ထမ်းပိုးလွှာ ပြုပြင်နေကြောင်း သိရသည်။
ပျက်စီးလာသော ငွေတောင်ဆည်၏ တာဘောင် ကားလမ်းကို နှစ်ပေါင်း ၃၀ ကျော်အတွင်း အစိုးရမှ ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့က စတင်၍ ပထမဆုံးအကြိမ် ကတ္တရာ ထမ်းပိုးလွှာပြုပြင် လိုက်ခြင်း ဖြစ်သည်။
တာဘောင် ကားလမ်းတွင် ကားကြီးများ၊ သစ်လုံးတင် ကားကြီးများနှင့် ယာဉ်များ ဖြတ်သန်းသွားလာမှု များပြားပြီး မွမ်းမံမှုလည်း မရှိခဲ့သည့်အတွက် ယိုယွင်းပျက်စီးလာရခြင်း ဖြစ်သည်ဟု ဒီးမော့ဆိုမြို့မှဒေသ ခံတဦးက ပြောသည်။
“တာဘောင်ပေါ်က ကားလမ်းဟာ သိပ်ပြီး မကျယ်သလို တာဘောင်လည်း မြင့်နေတော့ ဘာယာဉ်တွေပဲ ဖြစ်ဖြစ် အဲဒီတာဘောင်ပေါ်ပဲ သွားကြရတယ်။ အောက်ခြေမှာ လှည်းလမ်း ရှိပေမဲ့ ဘယ်သူမှ အောက်ထိ ကွေ့ပြီး မသွားကြဘူး။ ဒါကြောင့် တခါမှ မပြင်တဲ့ အဲဒီ လမ်းဟာ နည်းနည်းပျက်စီးနေပါပြီ” ဟု ၎င်းက ပြောသည်။
၎င်းက ဆက်ပြီး “လမ်းက ချိုင့်တွေလိုမျိုး ဖြစ်ကုန်တယ်။ မညီတော့ဘူး။ တချို့နေရာတွေက ချိင့်ခွက် ပုံစံလေးလို ဖြစ်တယ်။ တချို့နေရာတွေက မို့မို့လေး ဖြစ်သွားပြန်ရော။ ဆိုင်ကယ်နဲ့ သွားရင် ဆိုင်ကယ် အောက်မှာ ခဏခဏ ထိတယ်လေ” ဟု ပြောသည်။
ယင်းကားလမ်းသည် ကရင်နီပြည်နယ်မှ ဒေသများနှင့် ပြည်သူများအတွက် အရေးပါသော လမ်းတလမ်း ဖြစ်ကြောင်း အထက်ပါ ဒေသခံတဦးက ဆက်ပြောသည်။
“လူတွေအတွက် အရေးကြီးတဲ့လမ်း ဆိုတာထက် အဲဒီလမ်းက မိန်းလမ်းမ ဖြစ်နေလို့ပါပဲလေ။ အဲဒီ မိန်းလမ်းမကြီး ပျက်သွားရင် ဘယ်ရမလဲဟာ။ အဲဒီမိန်းလမ်းမကြီး ရှိလို့ လူတွေ သွားလာရ လွယ်ကူတယ်၊ မြန်ဆန်တယ်” ဟု ၎င်းက ဆိုသည်။
ငွေတောင်ဆည် ရေလှောင်တမံ၏ တာဘောင် ကားလမ်းသည် အကျယ် ၁၅ ပေနှင့် အရှည် ၂၂၅၀ ပေ ရှိပြီး ကရင်နီပြည်နယ်မှ မြို့နယ်ဒေသ အသီးသီးနှင့် ထိုင်းနိုင်ငံ နယ်စပ်သို့ အဓိက ဆက်သွယ်ထားသည့်လမ်းဖြစ် ကြောင်း သိရသည်။



