ကရင်နီပြည်နယ် မော်ချီးမြို့တွင် သတ္တုတွင်း လုံခြံု ရေး အတွက် အစိုးရစစ်တပ်မှ ထောင်ထားသည့် မြေမြုပ်မိုင်းများကို နင်းမိ၍ ကျေးရွာပိုင် ကျွဲ၊နွား များ မကြာခဏ သေဆုံးမှုရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်တွင် မော်ချီးမြို့အနောက်ဘက် တာဝိတိန်တာ (လယ်တာ)ရှေ့တန်း စခန်းထိုင် ခြေလျင်တပ်ရင်း ခလရ ( ရ၂ ) တပ်စခန်းဘေးမှ တိုက်မိုင်းတလုံးကို နင်းမိ၍ ကော်တူဒိုး ကျေးရွာပိုင် နွားမကြီး တကောင်နှင့် အခြားနွားနှစ်ကောင် ဒဏ်ရာရသွားသည်ဟု မော်ချီးမြို့မှ ကော်တူဒိုး ကျေးရွာတဦးက ပြောသည်။
“ မိုင်းထောင်ထားတယ်လို့တော့ ကြော်ငြာထားတာပဲလေ။ အခု တောင်ယာရိတ်သိမ်းချိန်ဖြစ်နေတော့ ကျွဲ၊ နွားတွေကို ကြည့်ဖို့အချိန်မရှိဘူး” ဟု ကော်တူဒိုးကျေးရွာမှ ဒေသခံတဦးက ပြောသည်။
၂၀၁၀-၁၁ ခုနှစ်အတွင်း နိုင်ငံရေးအရ မော်ချီးဒေသတွင် မြေမြုပ်မိုင်းများ ပိုမိုများပြားလာပြီး အစိုးရစစ် တပ်၏ တပ်စခန်း ပတ်ပတ်လည်တွင် တပ်စခန်း လုံခြံုရေးအတွက် မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု အမှတ် ၂ ခရိုင်မှ တာဝန်ရှိသူ တဦးက ပြောသည်။
“ပြည်သူနေတဲဲ့နေရာနဲ့ တပ်နေတဲ့နေရာက မနီးမဝေးမှာပဲ။ ဒါပေမယ့် အစိုးရစစ်တပ်တွေက ခြံစည်းရိုး ထဲမှာပေါ့။ ပြည်သူတွေက အပြင်မှာနေတော့ သွားလာဖို့အတွက် အန္တရာယ်ရှိတာပေါ့။ အထူးသဖြင့် လူတွေက ရှောင်လို့ရတာပေါ့။ ကျွဲနွားတွေ စားကျက်လွတ်ဖို့အတွက် မိုင်းကွင်းတွေပဲလေ” ဟု အမှတ် ၂ ခရိုင်မှ တာဝန်ရှိသူ တဦးက ပြောသည်။
မော်ချီးဒေသမှ ပြည်သူများသည် များသောအားဖြင့် ခဲလုပ်ငန်းနှင့် တောင်ပေါ်ဒေသတွင်တောင်ယာလုပ်ငန်း များ လုပ်ကိုင်စားသောက်ကြသည်။
မော်ချီးတွင် အစိုးရစစ်တပ်ဖြစ်သည့် ၉၄မိုင် စခန်း၊ ထင်းရူးတောင်စခန်း၊ ကျောက်တောင်စခန်း၊ လယ်တာ စခန်း၊ အမှတ် ၂ စခန်း၊ ပင်မကုန်းစခန်း စသည့် တပ်စခန်းများ တည်ရှိပြီး ပင်မကုန်းစခန်း၊ကျောက်တောင် စခန်းနှင့် တာဝိတိန်တာ စသည့် ရှေ့တန်း တပ်စခန်း သုံးခုတွင် ကန့်သတ်နယ်မြေထားပြီး မြေမြုပ်မိုင်း ထောင်ဂဏန်းချထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မော်ချီးအောက်ရွာ၊ ကော်တူဒိုးကျေးရွာနှင့် ဘူးလော်ကျေးရွာပိုင် နွား များသည် မိုင်း ၄ လုံးကွဲ၍ ကျွဲတကောင်၊ နွားနှစ်ကောင်သေဆုံး၍ နွားလေးကောင် ဒဏ်ရာရသွားသည်။
၂၀၁၁ ပြည့်နှစ် မတ်လ ၂၂ ရက်နေ့တွင်လည်း မော်ချီးတောင်ပေါ်ရွာသား တဦး မိုင်းနင်းမိ၍သေဆုံး ခဲ့သည်။



