ရေလွမ်းမိုးမှုဒုက္ခနှင့် တလကျော်ကြာရင်ဆိုင် လာ ခဲ့ကြရသည့် လွိုင်ကော်မှဒေသခံတို့သည် ဆန်များ ၀ယ်ယူစုဆောင်းနေကြသည့်အတွက် ရှမ်းဆန်ခေါ်-လယ်ဆန်အမျိုးအစားမှာမူ စျေးနှုန်းနှစ်ဆ နီးပါး မြင့်တက်လျက်ရှိသည်ဟု သိရသည်။
မိုးများ အဆက်မပြတ် ရွာသွန်းမှုနှင့် အာဏာပိုင်များမှ မိုးဗြဲဆည်ကို ဖောက်ချနေသည့်အတွက် လွိုင်ကော်မြို့အနီးစီးဆင်းနေသော ဘီလူးချောင်းရေကြီးပြီး လယ်ယာမြေများပျက်စီးခဲ့၍ ဆန်စပါး မရှိမည်ကိုစိုးရိမ်သည့်အတွက် ယခုလိုအပိုအလျံအဖြစ်ဆန်များကို ၀ယ်ယူစုဆောင်းနေရသည်ဟု လွိုင်ကော်မြို့ခံတဦးက ပြောသည်။
လွိုင်ကော်မြို့တွင် ရှမ်းဆန်တအိတ် (သုံးပုံးအိတ်)မှာ ကျပ် ၁၅၀၀၀ ကနေ ကျပ်၂၃၀၀၀ အထိ တက်နေပြီဖြစ်၍ ဗမာဆန်တအိတ်မှာမူ ၁၂၀၀၀ မှ ၁၅၀၀၀ အထိ တက်နေသည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်က မိုးမကောင်း၍ ယခုနှစ်တွင် ဆန်ဝယ်စားနေရသော လယ်သမားများရှိသကဲ့သို့ ယခုနှစ် အတွက် စပါးမထွက်သေးသည့်အပြင် ရေလွမ်းမိုးသည့်ဒုက္ခနှင့် ထပ်မံရင်ဆိုင်နေကြရသည်။
မိုးဗြဲကာတာ ရေလျှံမှုကြောင့် ရေကာတာအောက်ပိုင်းရှိ လယ်ဧကများသည် ရာဂဏန်းနှင့်ပင် အပျက််အစီး ရှိနိုုင်ကြောင်း ဒေသခံတို့၏ ခန့်မှန်းချက်အရ သိရသည်။
အလားတူ မြန်မာနိုင်ငံအလည်ပိုင်း ဒေသနှင့် အနောက်ပိုင်းဒေများဖြစ်ကြသည့် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန် စသည့်ပြည်နယ်တို့တွင်လည်း ရေကြီးမှုများနှင့်ကြံုတွေ့နေကြရ သည်။
ပြီးခဲ့သည့် စက်တက်ဘာလ ၃ ရက်နေ့ကတည်းက အာဏာပိုင်များမှ မိုးဗြဲဆည် ရေဖောက်ချမှုကြောင့် ဘီလူးချောင်းရေလျှံ၍ လွိုင်ကော်မြို့နှင့် အနီးတဝိုက်ရှိ ရွာသုံးရွာမှ ဒေသခံ ၁၇၀၀ နီးပါးရေဘေးဒုက္ခကြံု နေခဲ့ရသည်။



