ဒဲရက် မစ်ချယ်လ်၏ လူ့အခွင့်အရေး စုံစမ်းရေး အဆိုပြုချက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြိုဆို

ဒဲရက် မစ်ချယ်လ်၏ လူ့အခွင့်အရေး စုံစမ်းရေး အဆိုပြုချက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြိုဆို
by -
နှောင်းလှိုင်

တိုင်းရင်းသားဒေသရှိ လူ့အခွင့်အရေး ချိုးဖောက် မှုများကို စုံစမ်းစစ်ဆေးရန်လိုအပ်ကြောင်းအမေရိ ကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး  ဒဲရက် မစ်ချယ်လ်က မြန်မာအစိုးရအား ပြောကြားချက် အပေါ်တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များကလက်ခံကြိုဆိုကြ သည်။

အမေရိကန်ကိုယ်စားလှယ် ဒဲရစ်ခ် မစ်ချဲလ် (Derek Mitchell) အိပ်ချ်အိုင်ဗီ ဝေဒနာရှင် ဂေဟာသို့ သွားရောက် လေ့လာစဉ်အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ရန် ပထမအဆင့်အဖြစ် တိုင်းရင်းသားလူနည်းစု ဒေသများတွင် ဖြစ်ပွားလျက်ရှိသော မတရား ပြုကျင့်မှုများကို စုံစမ်းစစ်ဆေးရန် တရားဝင်ပြီး ယုံကြည်ကိုးစားရသည့် ယန္တရားတရပ် ထူထောင်ရန် အရေးတကြီးလိုအပ်သည်ဟု ဒဲရက် မစ်ချယ်လ်က ၎င်း၏ခရီးစဉ်အပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“လူထုကို ကိုယ်စားပြုတဲ့ အစိုးရတရပ်သာဆိုရင် လူထုကို ကာကွယ်ပေးရမယ်လေ။ အခု သူပြောတာ ကတော့ တရားနည်းလမ်းကျပါတယ်။ အစိုးရတရပ်အနေနဲ့ လိုက်နာသင့်တဲ့ကိစ္စ တရပ်ပါပဲ”မွန်ပြည် သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားဒေသတွင် လှုပ်ရှားနေသည့် စစ်တပ်များအား ပြန်ရုပ်သိမ်းပေးရန်နှင့် တိုင်းရင်းသား ဒေသများတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုခံနေရ သည့်ဘဝကို အမှန်အတိုင်း တင်ပြနိုင်ရန် ကော်မတီတရပ် လိုအပ်သည်ဟုရှမ်းပြည်တိုးတက်ရေး ပါတီ (မြောက်ပိုင်း) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ပြောသည်။

“တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ဒီနေ့ထိပဲ။ စစ်မှန်တဲ့ တကယ့် ပြည်သူအကျိုးဆောင်ရွက်မယ့် ကော်မတီတစ်ရပ် ဖြစ်လာဖို့ဆိုတာ မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ ကော်မတီကတော့  တကယ်လုပ်နိုင်မယ်မဟုတ်ဘူးလို့ အများသုံးသပ်နေကြသလို ကျနော်လည်း ယုံကြည်တယ်”ဟု ဗိုလ်မှူးစိုင်းလှကပြောသည်။

ကျင်းပနေဆဲ ပြည်သူ့ လွှတ်တော်တွင်လည်း အမတ် ၁၅ ဦးနှင့် ဖွဲ့စည်းထားသည့် “နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ” တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ကော်မတီ ဥက္ကဋ္ဌတာဝန်ကို ယူထားသည်။ အမျိုးသားအဆင့် လူ့အခွင့်အရေး ကော်မရှင်ကိုလည်း အငြိမ်းစား အရာရှိကြီးများဖြင့် အစိုးရက ဖွဲ့စည်း ပေးထားသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - KNPP ကလည်း ဒဲရက်ဂျေ မစ်ချယ်လ်၏ တောင်းဆိုမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင်ပဋိပက္ခ ရပ်ဆိုင်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှသာ ထိရောက်သည့် လုပ်ငန်းကို လုပ်ဆောင်နိုင်မှာ ဖြစ်သည်ဟု ပြောသည်။

“ပထမအနေနဲ့ နယ်မြေဒေသတွေ တည်ငြိမ်ဖို့တော့ လိုမယ်လို့ မြင်တယ်၊ လုံခြံုမှုရှိဖို့ရယ် ဥပဒေ စိုးမိုး ရေးဖြစ်ဖို့လိုတယ် ” ဟု KNPP မှ ခူဦးရယ်က ပြောသည်။

စစ်ရေးပဋိပက္ခများ ဖြစ်နေသည့် ကချင်၊ ကရင်၊ ရှမ်း စသည့် တိုင်းရင်းသား ဒေသများတွင် အစိုးရ စစ်တပ်က ဒေသခံ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ ပေါ်တာဆွဲခြင်း၊ နေအိမ်များ အဓမ္မရွှေ့ပြောင်း ခိုင်းခြင်း၊ မြေယာ သိမ်းယူခြင်းများ ကျူးလွန်နေဆဲဖြစ်သည်။ ထို့အပြင် အိုးအိမ်စွန့်ခွာပြီးတောထဲတောင် ထဲတွင် ထွက်ပြေးပုန်းရှောင်နေကြရသည့်  စစ်ပြေးဒုက္ခသည် ထောင်နှင့်ချီ ရှိနေဆဲပင်ဖြစ်သည်။

ဒဲရက်မစ်ချယ်လ်၏ ထုတ်ပြန်ချက်တွင် နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးခြင်း၊ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံရေးအဖွဲ့များအားအဓိပ္ပါယ်ရှိရှိ  ထိထွေ့ဆက်ဆံခြင်း၊ ပြုပြင်ပြောင်းလဲမှုနှင့်အမျိုးသား ပြန်လည် သင့်မြတ်ရေးများကိုပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

ဒဲရက် မစ်ချယ်လ်၏ စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်သည့်  ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွင် နိုင်ငံရေး အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုကူညီရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်များကို ပိုမိုဆောင်ရွက်နိုင်ရန် ဒဲရက် မစ်ချယ်လ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးအဖြစ် အမေရိကန် အစိုးရက ယခုနှစ် ဇွန်လတွင် ခန့်အပ်ခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည်လည်း တိုင်းရင်းသားဒေသတွင် ကျူးလွန်နေသည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်များအတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် Commission of Inquiry ဖွဲ့စည်းရေးကို တောင်းဆိုထားပြီး အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံခန့်ကလည်း ထောက်ခံထားသည်။

Most read this week