မြန်မာ့ ပထမဆုံးသော ရှိန်းမကား ဘေးမဲ့တော ထိန်းသိမ်းရန် လိုအပ်နေ

မြန်မာ့ ပထမဆုံးသော ရှိန်းမကား ဘေးမဲ့တော ထိန်းသိမ်းရန် လိုအပ်နေ
by -
အားမီ

မြန်မာ့ ပထမဆုံးသော ဘေးမဲ့တောဟု ဆိုနိုင်သည့် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ ရှိန်းမကား ဘေးမဲ့တော ပျက်စီးယိုယွင်းမှု ရှိနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေသည်ဟု စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ပြောသည်။

nmg-25
ရှိန်းမကားဘေးမဲ့တောသည် ၃၃၄ ဧက ကျော် ကျယ်ဝန်းပြီး သုံးပုံတစ်ပုံခန့် ပျက်စီးစပြုနေကြောင်း စိမ်းရောင်စို အဖွဲ့ ဒု ဥက္ကဌ ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။ ယင်းဘေးမဲ့တောသည် ရှိန်းမကားရွာနှင့် ငရယ် ရွာ ကြားတွင် ရှိသည်။

ဦးမင်ထက်ငြိမ်းချမ်းက “အခုကျနော်တို့တွေ့နေရတာက သစ်ပင်ခုတ်ထားတာတွေရယ်၊ နွားကျောင်းပြီး စားကျက်လုပ်ထားတာ၊ နောက်တစ်ခုက တချို့နေရာတွေမှာက မီးရှို့ပြီး ရှင်းထားတာ၊ ခုတ်ထားတာတွေ တွေ့တယ်၊ ပျက်စီးစ ပြုနေတာတွေ ရှိတယ်။” ဟု ပြောပြသည်။

ရှိန်းမကားဘေးမဲ့တောကို မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ပထမဆုံး ဘေးမဲ့တောအဖြစ် မင်းတုန်းမင်း က သတ်မှတ်ပေးခဲ့သည်ဟု သိရသည်။

သစ်တောထိန်းသိမ်းရေးကို လျင်မြန်စွာ မပြုလုပ်ပါက ဘေးမဲ့တောအတွင်းရှိ ရှားပါးမျိုးစိတ် အပင်နှင့် တိရစ္ဆာန် အမျိုး ပေါင်း ၃၀ ကျော် မျိုးတုံးသွားနိုင်သည့် အန္တရာယ် ရှိနေကြောင်း၊ ယခုအခါ  တိရစ္ဆာန် မျိုးစိတ်များထဲမှ ရွှေသမင်များ မျိုတုံးစပြုနေပြီ ဖြစ်ကြောင်း ယင်းဒေသတွင် အခြေစိုက်ပြီး အစိုးရ မဟုတ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားသူ လူငယ် တစ်စုဖြင့် ဖွဲ့စည်းထားသည့် GBP အဖွဲ့ကို ကိုးကား၍ စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ကိုမောင်မောင်ဦးက ပြောသည်။

“အဲ့ဒီမှာ အခြေစိုက်တဲ့ GBP အဖွဲ့ပြောတာက အခုဆိုရင် ရွှေသမင်ရယ်၊ နောက်ပြီး ရွှေရောင် ကျားသစ်ဆိုတာလည်း ရှိသေးတယ်၊ အဲ့ဒါလည်း သိပ်မတွေ့တော့ဘူးတဲ့။” ဟု ၎င်းက ဆိုသည်။

GBP အဖွဲ့က ဘေးမဲ့တော အတွင်းရှိ ရွှေသမင်အပါအဝင် အခြားရှားပါးမျိုးစိတ်များ ထိန်းသိမ်းရေး  ကိုလည်း ဆောင် ရွက်နေသည်ဟု သိရသည်။

ယခင်က ရှိန်းမကားဘေးမဲ့တော ခေါ် တောရကြီး ဘေးမဲ့တောအတွင်း အမဲလိုက်ခြင်းများရှိခဲ့ရာ ယခုအခါ သစ်တော ဦးစီးဌာနမှ တားမြစ်ထားပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို GBP အဖွဲ့၊ ဒေသခံ အာဏာပိုင်များ နှင့် သစ်တော ဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ကိုမောင်မောင်ဦးက ဆက်ပြောသည်။

သစ်တောထိန်းသိမ်းရေး အနေဖြင့် ၂၀၁၀ ပြည့်နှစ်က ဘေးမဲ့တောအတွင်းရှိ မြေ ၂၅ ဧကအတွင်း GBP အဖွဲ့မှ သစ်ပင်များ စိုက်ပျိုးနိုင်ခဲ့သည့် အပြင် ယခုနှစ် ဇူလိုင်လ ကလည်း ဧက ၅၀ ကျော်ကို ထပ်မံ စိုက်ပျိုးရန် ပြင်ဆင် ခဲ့သည်။ သို့သော် ယခုလ တွင် မှ စိမ်းရောင်စို အဖွဲ့နှင့် ပူးပေါင်း စိုက်ပျိုးနိုင်ခဲ့သည်ဟု ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။

စိမ်းရောင်စိုအဖွဲ့က ဦးဆောင်၍ စက်တင်ဘာ ၁၁ ရက်နေ့တွင် နဝရတ် ရေယာဉ်ဖြင့် ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်ပြီး ရှိန်းမကားဘေးမဲ့တောတွင် သစ်ပင်ပေါင်း ၄၀၀ ကျော်သွားရောက် စိုက်ပျိုးခဲ့ကြ သည်ဟုလည်း ၎င်းကဆက် ပြောသည်။

စိုက်ပျိုးခဲ့ကြသည့်အပင်များမှာ ကျွန်း၊ ကုက္ကို ၊ တမာ၊ မယ်ဇလီ၊ ငုဝါ ၊ ဘောစကိုင်း၊ ဆူးဖြူ၊ မန်ကျည်းနှင့် တရုတ် စကားပင် စသည့် ဒေသပေါက် အပင်များ ဖြစ်သည်ဟု သိရသည်။၎င်းခရီးစဉ်သည် အဖွဲ့၏ ပထမဆုံးရေကြောင်း ခရီးစဉ်ဖြစ်ပြီး ရေယာဉ်ပေါ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းပေါင်း(၂၆) ဖွဲ့မှ လူဦးရေ (၁၈၀) လိုက်ပါခဲ့သည်။

ထို့အပြင် ခရီးစဉ်တစ်လျှောက်တွင် ဧရာဝတီမြစ်နှင့် သဘာဝပတ်ဝန်းကျင်အကြောင်း ရေးစပ်ထားသည့် ကဗျာ၊ အက်ဆေး၊ ဆောင်ပါး၊ စာတမ်းများဖတ်ကာ စပ်ဆိုထားသော သီချင်းများဆိုခဲ့ကြသည့်အပြင် ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်)က ဧရာဝတီမြစ် ရှင်သန်ရေးနှင့် ပတ်သက်ပြီး ဟောပြောခဲ့သည်။

Most read this week