ကရင်နီ ဒုက္ခသည်စခန်း မိုးကြီး၍ မြေပြိုကျပြီး အိမ် ၈ လုံးပျက်စီး

ကရင်နီ ဒုက္ခသည်စခန်း မိုးကြီး၍ မြေပြိုကျပြီး အိမ် ၈ လုံးပျက်စီး
by -
ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီအမှတ် ၂ ဒုက္ခသည်စခန်းတွင် မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့သဖြင့် ရေတိုက်စားပြီး မြေပြိုကျမှုဖြစ်ပွား ခဲ့ရာ စက်တင်ဘာလ ၃ ရက်နေ့ညက အိမ် ၈ လုံး ပျက်စီးသွားသည်။

စခန်းကို ဖြတ်သန်းစီးဆင်းနေသော ချောင်းနံဘေးရှိ ရပ်ကွက် ၁ မှ နေအိမ်များ ဖြစ်သည်။

ထိုအိမ် ၈ လုံးအနက် တောင်ကမ်းပါးတွင် ရှိသော နေအိမ်တလုံး မြေကြီးနှင့်အတူ ချောင်းထဲသို့ပြိုကျ သွားပြီး ကျန်အိမ်တလုံးမှာ ရေစီးနှင့်အတူမျောပါသွားသည်။ ကျန်အိမ် ၆ လုံးမှာ မြေပြိုကျသည့် ဒဏ်ကြောင့် ယိုင်သွားရာ အန္တာရာယ်ရှိသဖြင့် ဖျက်ဆီးလိုက်ရသည်။
camp_2_flood
မြေပြိုကျမှုကြောင့် လူအသေအပျောက် မရှိသော်လည်း ချောင်းတွင်း ပြိုကျနေသော မြေများကြောင့် ရေလမ်းကြောင်း ပိတ်ဆို့သွားသဖြင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များ အောက်တွင် ရေများ ၀ပ်နေသည်ဟု စခန်းအုပ်ချုပ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။

၎င်းက “(ချောင်းထဲ) မြေပြိုကျတာ အကြီးကြီးပဲ။ ဒါကြောင့် ရေက အောက်ဖက် မဆင်းနိုင်ပဲရေကာတာ လိုမျိုး ဖြစ်သွားတယ်။ ရေက အပေါ်ဖက် တက်သွားတယ်” ဟု ပြောသည်။

ထိုသို့ ရေဝပ်နေသော အိမ်ခြေ ၂၁ လုံး ရှိပြီး ၎င်းတို့မှာ ပျက်စီး မသွားသော်လည်း မီးသွေးများ၊ ထင်းများ၊ ဆန်များ ဆုံးရှုံးသွားသည်။

အဆိုပါ မြေပြို ပျက်စီးမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒေသခံ ထိုင်းအာဏာပိုင်၊အောဆော် နှင့် စခန်းအုပ်ချုပ်ရေး တာဝန်ရှိသူများ အရေးပေါ်အစည်းအဝေး ထိုင်ပြီးနေအိမ်ဆုံးရှုံးသွား သူများအား မကြာခင် တတိယနိုင်ငံသို့ ထွက်ခွာသွားမည့် မိသားစုများ၏ နေအိမ်များတွင် နေရာချပေးရန်စီစဉ်ထား သည်။

သို့သော် ယခု လောလောဆယ်တွင် ၎င်းတို့မှာ နေထိုင်စရာ အခက်အခဲ ဖြစ်နေသောကြောင့်ဆွေမျိုး သားချင်းများ အိမ်၌ ခိုလှုံနေကြရပြီး လိုအပ်သော ဆန်၊ အိုး၊ ပန်းကန်၊ ခြင်ထောင်၊ စောင် စသည့် ပစ္စည်းများကို စခန်းအုပ်ချုပ်ရေးမှ ပြန်လည် ထုတ်ဝေပေးထားသည်။

ယခုရက်ပိုင်း ရေထပ်မံကြီးလာပါက စခန်းတွင်းနေထိုင်သူများအတွက် အန္တရာယ် ရှိလာမှာကိုစိုးရိမ်ရ ကြောင်း ဒုက္ခသည်တဦးက ပြောပါသည်။

“ရေကြီးလာရင် နည်းနည်းသက်သာအောင် ကျောက်ခဲတွေ သွားစီထားတယ်။ မြေပြိုကျတဲ့နေရာမှာတော့ အခုထိ နည်းနည်းစီ ပြိုကျနေတုန်းပဲ” ဟု၎င်းက ဆက်ပြောသည်။

ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၂ တွင် လူဦးရေ ၃၀၀၀ ကျော်ခန့်ရှိသည်။ ရပ်ကွက် ၄ ကွက် ရှိပြီး ယခု မြေပြိုရာ ရပ်ကွက် ၁ တွင် အိမ်ခြေ ၃၀၀ ၀န်းကျင်ခန့်ရှိသည်။ စခန်းသည် တောင်များနှင့် ၀ိုင်းရံထားပြီး မြေပြန့်သည့် ချောင်းနဘေးတွင် လူနေအိမ်များရှိသလို တောင်ကျောပေါ်တွင်လည်း လူနေအိမ်များ ရှိသည်။

Most read this week