ရှမ်းပြည်နယ်မှ စစ်ပြေးဒုက္ခသည်များ ဆေးဝါးနှင့် မိုးကာ အကူအညီများ လိုအပ်နေ

ရှမ်းပြည်နယ်မှ စစ်ပြေးဒုက္ခသည်များ ဆေးဝါးနှင့် မိုးကာ အကူအညီများ လိုအပ်နေ
by -
နှောင်းလှိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်နှင့်မြန်မာ အစိုးရ စစ်တပ် တိုက်ပွဲဖြစ်ပွားရာ ဒေသမှစစ်ပြေး ဒုက္ခသည်များ အနေဖြင့် ယခု မိုးတွင်းအချိန်တွင် မိုးကာ၊ ရိက္ခာနှင့် ဆေးဝါးများအဓိက လိုအပ်နေ သည် ဟု သိရသည်။

ဒုက္ခသည်အချို့ ငှက်ဖျားရောဂါနှင့် ၀မ်းလျှောရောဂါဖြစ်ပွားနေရာ ဆေးဝါးအကူအညီ မပေးနိုင်သဖြင့် ယခုအချိန်ထိ သေဆုံးသူ ဦးရေ ၃၀ ကျော်သွားပြီဟု စစ်ပြေးဒုက္ခသည်များအား အကူညီပေးနေသည့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း -SWAN မှ ယိင်းဟန်ဖှက ပြောသည်။

“အခုတောထဲမှာ ၀ါးရွက်တွေ၊ ငှက်ပျောရွက်တွေနဲ့ ကာပြီး နေနေကြရတယ်။ အစားအသောက်လည်း ခက်ခဲတယ်။ ဆေးဝါးမရှိတော့ ငှက်ဖျားရောဂါ ဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။

ssa-soliderပြီးခဲ့သည့် မတ်လ ၁၃ ရက်မှ စတင်ပြီး အစိုးရစစ်တပ်နှင့် ရှမ်းပြည်တပ်မတော် SSA ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် SSA ၀မ့်ဟိုင်းဌာနချုပ်အနီး မြို့နယ် ကိုးမြို့နယ်တွင် တောထဲတောင်ထဲသို့ ထွက်ပြေး ပုန်းအောင်းနေရသော စစ်ပြေးဒုက္ခသည်များ သုံးသောင်းကျော် ရှိနေသည်။ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ယခု ရက်ပိုင်းအတွင်း စစ်ပြေးဒုက္ခသည် ၈၀၀ ကျော် ထပ်မံ တိုးလာသည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တောထဲ၌ ပုန်းခိုနေသော ရွာသားသုံးဦးသည် ရိက္ခာ ပြတ်လပ်သွားသည့် အတွက် နေရပ်ရင်း ရွာထဲသို့ ဆန်များ ပြန်သယ်ရာ မြန်မာစစ်တပ်နှင့် လမ်းတွင် တွေ့ဆုံပြီးသတ်ဖြတ်ခံခဲ့ရ သည်။ ထိုကဲ့သို့ ပြဿနာများ ဖြစ်ပွားနေသည့်အတွက် ပြည်တွင်းမှ အကူညီပေးနေသည့် စေတနာ့ဝန်ထမ်း များ သည်လည်း ရိက္ခာ၊ ဆေးဝါးများအား ဒုက္ခသည်များ ပုန်းခိုရာ နေရာအနှံ့ဖြန့်ဝေရန် အခက်အခဲများ ရှိနေသည်ဟု ယိင်းဟန်ဖှကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ငြိမ်းချမ်းရေး ဆွေးနွေးလိုပါက သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် အချိန်မရွေးဆွေးနွေးနိုင်သည်ဟု အစိုးရက ကြေငြာထားသော်လည်း တိုင်းရင်းသားဒေသ တချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု ရှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက ပြောသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်တလျှောက်တွင် အခြေစိုက်သည့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက် ရေးအသင်း-SWAN၊ ရှမ်းလူ့အခွင့်အရေး မဏ္ဌိုင်-SHRF၊ ရှမ်းကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေး ကော်မတီ-SRDC၊ ရှမ်းပြည်တောင်ပိုင်း ကော်မတီ- SSC၊ ရှမ်းပြည် ပညာရေး ကော်မတီ-SECအစရှိသည့် အဖွဲ့ ရ ဖွဲ့တို့မှ ဒုက္ခသည်များအတွက် အလှူငွေများ ကောက်ခံပေးနေပြီး၊ ပြည်တွင်းမှာ ရှိသည့်ရှမ်းပြည် မြောက်ပိုင်း ကယ်ဆယ်ရေး ကော်မတီ-NSSRC အဖွဲ့က  စစ်ပြေးဒုက္ခသည်များအား ဆေးဝါး၊စားနပ်ရိက္ခာ နှင့်မိုးကာ များကို အဓိက လိုက်လံကူညီပေးနေသည်။

Most read this week