ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုကြသော်လည်း အစိုးရသစ်အပေါ် သံသယ ရှိနေကြဆဲဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ပြောဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့သည် သြဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဲ မတိုင်ခင် သမ္မတ အိမ်တော်၌ တနာရီကျော်ကြာ တွေ့ဆုံခဲ့သည်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ အတွင်းရေးမှူး ခူဦးရယ်က “ဒေါ်စုကို တကယ်ပဲ လိုလိုလားလားနဲ့ စေတနာ အမှန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးအရ အဖြေရှာဖို့ တွေ့ဆုံသလား ဆိုတဲ့ဟာကို သံသယ အများကြီး ရှိတယ်” ဟု ပြောသည်။
အစိုးရသစ် အနေဖြင့် နိုင်ငံရေးအရ အကြပ်အတည်းများ ရင်ဆိုင်နေရခြင်းကြောင့် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရခြင်း ဖြစ်သည်ဟု ခူဦးရယ်က သုံးသပ်သည်။
ထိုနည်းအတူ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက အစိုးရသစ်သည် ဒေါ်စုနှင့် နားလည်မှု ယူခြင်းအားဖြင့် အစိုးရအပေါ် ဆန့်ကျင်နေမှုများအပေါ် လူထုအနေနှင့် အမြင်ကြည်စေရန်၊ နိုင်ငံတကာမှ အစိုးရအပေါ် အကောင်းမြင်စေရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။
“သမ္မတ အနေနဲ့ စီးပွားရေး ကိစ္စမှာ စနည်းနာတဲ့ နေရာမှာ သူ့ဆီက (ဒေါ်အောင်ဆန်းစုကြည်ဆီက) အထောက်အကူများ ရမလားလို့။ တဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုကို လမ်းဖွင့်ပေးအောင် လုပ်ပေးနိုင်မလား၊ အဲလိုပုံစံမျိုးပေါ့လေ။ သမ္မတက ဒေါ်စုကို စည်းရုံးတယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်တပ်မတော်( SSA ) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းကမူ “ခုချိန်ထိ တိုင်းရင်းသားတွေကို စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် ကမ်းလှမ်းပြီး ဆွေးနွေးတာမျိုး မရှိသေးဘူး” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သမ္မတ ဦးသိန်းစိန်နှင့် နောက်တကြိမ် တွေ့ဆုံပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စများကို ထည့်သွင်းဆွေးနွေးပေးစေချင်သည်ဟု ကရင်အမျိုးသား အစည်းအရုံး ( KNU )က ပြောသည်။
“တကယ့် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် အရာဟာ ၂၀၀၈ ဖွဲ့စည်းပုံ မဟုတ်ဘူး ဆိုတာကို နအဖ အနေနဲ့ ပြန်ပြင်ဖို့နဲ့ ပြုပြင်ရေးဆွဲဖို့ စိတ်ရှိအောင် လုပ်ပေးရေး။ အဲဒါတွေကတော့ ကျနော်တို့က မျှော်လင့်တဲ့ အရာတွေပဲ” ဟု (KNU) မှ တွဲဖက်အတွင်းရေးမှူး ၁ စောလှငွေက ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မည်သည့် အကြောင်းကိစ္စများ ဆွေးနွေးခဲ့သည်ကို တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း တွေ့ဆုံမှုအပေါ် ကျေနပ်အားရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။



