ကရင်နီပြည်နယ်တွင် လောင်းကစားနှင့် ပတ်သက် ၍ စီးပွားရေး လုပ်နေကြသော နှစ်လုံးထီ၊ သုံးလုံး ထီ( ချဲ) အရောင်းသမားများကို သက်ဆိုင်ရာ မြို့နယ် အလိုက်ရှိ ရဲစခန်းက ချဲရောင်းချခြင်းမပြု လုပ်ရန် ခေါ်ယူသတိပေးတားမြစ်ထားကြောင်း လွိုင် ကော်မြို့နယ်အတွင်းမှ ဒေသခံတဦးက ပြောသည်။
“ချဲထပ်မရောင်းခိုင်းတော့ဘူး။ ချဲရောင်းတဲ့သူအားလုံးကို ခေါ်တွေ့တယ်။ ထပ်ရောင်းရင် အရေးယူမယ် ဆိုပြီး နောက်ဆက်မရောင်းဖို့ လက်မှတ်ထိုးခိုင်းတယ်” ဟု ၎င်းက ပြောသည်။
ယခင်လမှ စ၍ တပြည်နယ်လုံး ချဲရောင်းသူများကို တားဆီးပိတ်ပင်ထားလိုက်သည်ဟု သိရသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ ချဲရောင်းသူများသည် ဥပဒေအရ တားမြစ်ထားသော်လည်း ရဲအရာရှိများကို ငွေပေးထားပြီး နားလည်မှုဖြင့် ရောင်းချနေကြသည့် လဒ်ပေးလဒ်ယူမှုများကို သတင်းမီဒီယာများထံသို့ လူထုများ၏ ပြောဆိုသံများ ကြားလာရခြင်းကြောင့် ဌာနဆိုင်ရာများက ယခုလို တင်းကြပ်ထားလိုက်ခြင်း ဖြစ်သည်ဟု လွိုင်ကော်မြို့နယ် ရဲစခန်းဌာနမှ ၀န်ထမ်းနှင့် နီးစပ်သူ တဦးက ပြောသည်။
၎င်းက “အင်တာနက်ပေါ်တွေမှာ ရဲတွေကလည်း လောင်းကစားတွေမှာ ငွေတောင်းစားတဲ့အကြောင်း အဲဒါတွေ တိုင်တာတွေ များလာလို့ ဆိုပြီး အခုတော့ တကယ်ကို မလုပ်တော့ဖို့ ချဲမရောင်းတော့ဖို့ပြောရ တော့မယ်လို့ ပြောတယ်” ဟု ပြောသည်။
ကရင်နီပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးတွင် ချဲရောင်းသူများ မရှိတော့၍ အချိန်ကုန်၊ ငွေကုန်ခံချဲထိုး ကြသည့် လောင်းကစား ၀ါဿနာရှင်များလည်း မတွေ့ရတော့ကြောင်း သိရသည်။



