လွိုင်ကော်မြို့ရှိ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ကျ ၀န်ထမ်းများ လစဉ်ပုံမှန် မီတာ အတက်အကျ မဖတ်ဘဲ မီတာခနှုန်းထားများကို မိမိစိတ်ကြိုက် ခန့်မှန်း၍ မသိနားမလည်သောဒေသခံလူထုများ ၏ အိမ်တချို့ကို မီတာခ တောင်းနေကြသည်ဟု လွိုင်ကော်မြို့ ဌာနဆိုင်ရာတခုမှ ၀န်ထမ်းတဦးက ပြောသည်။
“အရင်နှစ်တုန်းကတော့ ရေတင်စက်နဲ့ ရေခဲသေတ္တာ အဲဒါတွေ သုံးခဲ့တော့ မီတာ တက်ခဲ့တာပေါ့။ ဒီနှစ်မှာ အဲဒါတွေ မသုံးတော့ဘူး။ ဒါပေမဲ့ မီတာက အရင်နှစ်ကလိုပဲ ကောက်နေတယ်။ မီတာကိုဖတ်ကြည့်တော့ လည်း အများကြီး ကွာနေတယ်” ဟု ပြောသည်။
အချို့အိမ်များတွင်လည်း မီတာပေါက်များ ရှိနေသော်လည်း မီတာ မဖတ်တော့ဘဲ အိမ်တွင် လျှပ်စစ်မီးဖြင့် အသုံးပြုသော လျှပ်စစ်ပစ္စည်းများ အားလုံးကို စာရင်း ကောက်ပြီး အသုံးပြုမှု တခုချင်းစီ အပေါ်တွင် မီတာခစျေးနှုန်းကို သတ်မှတ်လိုက်သည်။
ထိုသို့ စာရင်း ကောက်ယူထားပြီး မီတာခ ပေးဆောင်နေကြရသည့် လွိုင်ကော်မြို့မှ ရပ်ကွက် တခုရှိ အသက် ၆၀ ကျော် ဒေသခံ အဖိုးတဦးက “မီတာဘောက် ရှိနေရဲ့သားနဲ့ မီတာ လာမဖတ်ဘဲ အဲလို စျေးနှုန်းသတ်မှတ်ပြီး လိုက်ကောက်တာ ပိုပြီးတော့ အကုန်အကျ ပိုများပါတယ်” ဟု ပြောသည်။
မီးသီး တလုံး အသုံးပြုလျှင် သုံးရာကျပ်၊ လျှပ်စစ်ထမင်းအိုး တလုံးလျှင် ငါးရာကျပ်ဖြင့် ကောက်ခံပြီး၊ ထိုသို့ ကောက်ခံမှု စနစ်သည် လျှပ်စစ်မီတာပေါက် မရသေးသော ကျေးရွာများတွင်သာ ကောက်ခံလျက်ရှိကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တွင်မှာလည်း လျှပ်စစ်ရုံးမှ ၀န်ထမ်းများက မီတာဖြတ်ပိုင်းကို အချိန်မှီဖြန့်ဝေ ပေးခြင်း မရှိကြောင်း၊ ထိုသို့ အချိန်မှီ ဖြန့်ဝေခြင်း မရှိသည့်အပြင် မီတာခ သွားရောက်ပေးသွင်းရမည့် နေ့စွဲ ကျော်လွန်ပါကလည်း ဒဏ်ငွေများ ထပ်မံပေးဆောင်ရကြောင်း ဖရူဆိုမြို့မှ ဒေသခံ အမျိုးသား တဦးက ပြောသည်။



