ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ နန့်ပန်ချောင်း ရေကြီးသဖြင့် ကမ္ဘာလှည့်ခရီးသည် များ လာရောက်လည်ပတ်လေ့ရှိသည့်ကယန်း ကျေးရွာ ဟွေ့ပူကဲတွင်လမ်းပန်းဆက် သွယ်ရေး ခက်ခဲလျှက်ရှိသည်။ နန့်ပန်ချောင်း ရေကြီးရာမှ ရွံ့များ လမ်းပေါ်တွင် ပြည့်နေပြီး စျေးသည်များ လည်း ကူးသန်းသွားလာရန် မလွယ်ကူကြောင်း ရွာခံများက ပြောသည်။
မိုးဆက်တိုက် ရွာသဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီမှ ၃ ရက်နေ့အထိ နန့်ပန်ချောင်း ရေကြီးလာပြီး ဟွေ့ပူကဲရွာမှ အိမ်တလုံး ရေထဲ မျောပါသွားခဲ့သည်။
ဟွေ့ပူကဲ ကျေးရွာမှ ဒေသခံ တဦးဖြစ်သူ လေ့လေဝါးက “ဟိုဖက်ကမ်းက ဆိုင်ကယ် ထားတဲ့ နေရာမှာ ရေအကုန်လုံး လွမ်းမိုးသွားခဲ့တယ်။ နောက်သူတို့ ဆိုင်ကယ်တွေ ကုန်းပေါ်က သရက်ပင်နားမှာ ရွှေ့ရတယ်လေ” ဟု ပြောသည်။
ဟွေ့ပူကဲကျေးရွာသို့ နိုင်ငံခြား ဧည့်သည်များလည်း လာရောက်လည်ပတ်လေ့ရှိပြီး ရွာသားများကိုယ်တိုင် ယက်လုပ်သည့် တဘက်၊ လွယ်အိတ်နှင့် ကယန်းအမျိုးသမီး ရုပ်ပုံများအား ရောင်းချအသက်မွေးကြသည်။
ရေကြီးနေသည့် ရက်ပိုင်းအတွင်းတွင် နိုင်ငံခြားမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု မရှိကြောင်း ဟွေ့ပူကဲကျေးရွာမှ ဒေသခံ လေ့လေဝါးက ပြောသည်။
အိမ်ခြေ ၅၀ ၀န်းကျင် ရှိသည့် ဟွေ့ပူကဲ ကျေးရွာတွင် လူဦးရေ ၂၀၀ ကျော် နေထိုင်လျက်ရှိကာ စျေးဆိုင် ၃ ဆိုင် ရှိသည်။ လောလောဆယ် မယ်ဟောင်ဆောင်မြို့မှ ကုန်ပစ္စည်းများ ၀ယ်ယူပြီး ပြန်လည်ရောင်းချသည့် အဆိုပါ စျေးဆိုင်များ အနေဖြင့် စျေးဝယ်သွားရောက်ဖို့ ခက်ခဲနေသည်ဟု ရွာသူကြီး ဦးမောင်ပိန်က ပြောသည်။
“သူတို့ စီးပွားရေး လုပ်လို့ မရတော့ဘူး ရွှ့ံပွက်တွေပဲ ရှိတယ်။ ချောင်းဘေးက ဆိုင်တို့ ပစ္စည်းသယ်ဖို့ ခုထိ သူတို့ ဘာမှ လုပ်လို့ မရသေးဘူး” ဟု ၎င်းကပြောသည်။
ရေကြီးမှုကြောင့် ချောင်းနံဘေး စိုက်ပျိုးခြံများမှ ငြုပ်သီး၊ ပြောင်းဖူး စသည့် သီးနှံများ ရေနှင့်အတူမျောပါကုန် သည့်အတွက် အစားအသောက်အတွက်လည်း အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
“စိုက်ထားတဲ့ အသီးအနှံတွေ ပါသွားတာပေါ့။ တော်တော်လေး အခက်အခဲ ရှိကြတာပေါ့။ ဟိုဖက်ကမ်းနဲ့ ဒီဖက်ကမ်းကူးဖို့ ဆိုတာလည်း အဆင်မပြေဘူးလေ”ဟု လေ့လေဝါးက ပြောသည်။
ရေနှင့် မျောပါသွားသော သီးနှံများအတွက် ဟွေ့ပူကဲ ထိုင်းအစိုးရထံ အကူအညီ တောင်းခံထားသော်လည်း ယနေ့ထိ အကူအညီ မရသေးကြောင်းနှင့် ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်တုန်းကလည်း ရေလွမ်းမိုးမှုခံရပြီး အိမ် ၅ လုံး မျောပါခဲ့ဖူးသည်ဟု ရွာသူကြီးက ပြောသည်။
မယ်ဟောင်ဆောင်ခရိုင်တွင် ကြေးကွင်းပတ် ကယန်းလူမျိုး ကျေးရွာ ၃ ရွာ ရှိသည်။ ဟွေ့ပူကဲ၊ ဟွေစူထောက်နှင့် ကယန်းသာယာကျေးရွာ စသည်တို့ ဖြစ်ကြပြီး ကရင်နီမျိုးနွယ်စု တစု ဖြစ်သည့် ကြေးကွင်းပတ်ကယန်းလူမျိုး များ နေထိုင်ကြသည်။



