ဒုက္ခသည်စာရင်းဝင် မြန်မာနိုင်ငံသား (၄၀၀၀) ၀န်းကျင် သြစတြေးလျ မှလက်ခံမည်

ဒုက္ခသည်စာရင်းဝင် မြန်မာနိုင်ငံသား (၄၀၀၀) ၀န်းကျင် သြစတြေးလျ မှလက်ခံမည်
by -
ကိုသိုက်

မလေးရှားနှင့်သြစတြေးလျနှစ်နိုင်ငံအာဏာပိုင်တို့၏ ဒုက္ခသည်ဖလှယ်ရေး အစီအစဉ်အရ မြန်မာ နိုင်ငံသား (၄၀၀၀)ခန့်ကို သြစတြေးလျနိုင်ငံကနေ ပြန်လည်လက်ခံဘွယ်ရာ ရှိသည်ဟု မလေးရှားနိုင်ငံ ဒုက္ခသည်များဆိုင်ရာကော်မီတီတာဝန်ရှိသူတွေက ပြောပါသည်။

နှစ်နိုင်ငံဒုက္ခသည်လဲလှယ်ရေးအစီအစဉ်အရ သြစတြေးလျကိုပြန်ပို့မည့်ဒုက္ခသည်များထဲတွင် ကချင် နှင့်ချင်းလူမျိုးအများအပြားပါ၀င်နေသည်ဟု ချင်းဒုက္ခသည်များဆိုင်ရာမဟာမိတ်ကော်မီတီတာဝန်ရှိသူ တစ်ဦးမှ ယခုလိုပြောပါသည်။

သူတို့ လက်မှတ်ရေးထိုးပြီးပြီး။ အခုလုပ်မဲ့အလဲအလှယ်လုပ်မယ် အစီအစဉ်ထဲမှာ အများအားဖြင့် တော့ကချင်နဲ့ချင်းနဲ့ဘဲပိုများမယ်။ ကျန်တဲ့သူတွေကတစ်ယောက်စနှစ်ယောက်စတော့ပါတယ်။ အဲဒီ သြစတြေးလျကို အရင်ကတည်းကစာရင်းတင်ထားတဲ့လူကိုဘဲသူတို့ကခေါ်မှာ။ အဲတာအခု(၅၀၀၀) ကျော်တောင်ရှိတယ်။ စာရင်းရောက်ပြီးသားလူ(၅၀၀၀)ကျော်တယ်။ သူတို့ကနေ (၄၀၀၀)ဘဲခေါ်မယ်ဆိုတော့ (၄၀၀၀)လောက်ဘဲသွားဖြစ်မယ်ထင်တယ်။

ဒုက္ခသည်ဖလှယ်ရေး အစီအစဉ်အရ သြစတြေးလျမှာရှိနေသည့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ (၈ဝဝ) ကို မလေးရှားကိုပို့မှာဖြစ်သလို မလေးရှားတွင်ရှိသည့် မြန်မာဒုက္ခသည်အများစုပါဝင်သည့် ဒုက္ခသည်အစစ် အမှန်များကို သြစတြေးလျကနေပြန်လက်ခံရန် နှစ်နိုင်ငံအစိုးရတို့သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ နှစ်နိုင်ငံ ဒုက္ခသည်လဲလှယ်ရေးအစီအစဉ်ကို မလေးရှားကသတင်းမီဒီယာကနေ ဝေဖန်မှုရှိနေသည်ဟု ချင်းဒုက္ခသည် များဆိုင်ရာ မဟာမိတ်ကော်မီတီ တာဝန်ရှိသူတစ်ဦးကပြောပါသည်။

သြစတြေးလျားအစိုးရကနေဖမ်းဆည်းထားသောမလေးရှားဒုက္ခသည်များကို သြစတြေးလျားရေတပ် စခမ်းတွင်ထိမ်းသိမ်းထားသည်ဟု အဆိုပါဒုက္ခသည်ကော်မီတီတာဝန်ရှိသူမှပြောသည်။

(၂၀၁၀)ခုနှစ်ထဲမှာ သြစတြေးလျနိုင်ငံထဲသို့ လူစုစုပေါင်းခြောက်ထောင်ကျော် တရားမဝင်ရေကြောင်း လမ်းနဲ့ခိုးဝင်လာခဲ့သလို (၂၀၁၁)ခုနှစ်တွင် လှေစီးဒုက္ခသည်ပေါင်းတစ်ထောင်ခန့်ရောက်ရှိနေပြီးဟု သြစတြေး လျနိုင်ငံလူဝင်မှု ကြီးကြပ်ရေးဌာနမှထုတ်ပြန်ထားသည်။

ယခုလိုဒုက္ခသည်ဖလှယ်ရေးအစီအစဉ်အရဖြစ်လာလျှင် မြန်မာနို်င်ငံသားဒုက္ခသည်(၄၀၀၀)လောက်ကို သြစတြေးလျနိုင်ငံကနေလက်ခံသွားရမည်ဖြစ်သည်။ မလေးရှားနိုင်ငံထဲတွင် မြန်မာဒုက္ခသည်ပေါင်း (၈) သောင်း ကျော်ရှိနေသည်ဟုချင်းဒုက္ခသည်များဆိုင်ရာမဟာမိတ်ကော်မီတီ တာဝန်ရှိသူတစ်ဦးမှပြောသည်။ အဆိုပါဒုက္ခသည်များကို UNHCRခေါ်ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှကူညီစောင့်ရှောက်မှုပေးထား ပါသည်။

Most read this week