SSA-N ဌာနချုပ်ကို သိမ်းရန် မြန်မာစစ်တပ်မှ အင်အားဖြည့်နေ

SSA-N ဌာနချုပ်ကို သိမ်းရန် မြန်မာစစ်တပ်မှ အင်အားဖြည့်နေ
by -
နှောင်းလှိုင်

ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ဟု လူသိများသည့် SSA-N/SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၏ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ ဌာနချုပ်ကို မြန်မာအစိုးရတပ်ကရက်ပိုင်းအတွင်း တွင် သိမ်းပိုက်နိုင်ရန် စစ်တပ်အင်အားဖြည့်တင်းနေ သည်ဟု SSA-N နှင့် နီးစပ်သူများက ပြောဆိုသည်။

“အရှေ့မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်သန်းထွဋ် ကိုယ်တိုင် အမိန့်ပေးထားပြီပဲ။ ညွန်ကြား ချက်ပေးထားပြီလေ နေပြည်တော်ကနေ အဲဒီမှာ တစ်ပတ်အတွင်း ၀မ်ဟိုင်းကိုသိမ်းဖို့ပေါ့။ ခုက သုံးရက်ရှိပြီ မသိမ်းနိုင်သေးဘူး။ ၁၆ ရက်နေ့ကစတယ်” ဟု ရှမ်းပြည်တိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ပြောပါသည်။

မြန်မာအစိုးရတပ်သည် လားရှိုးမှ ရမခ (အရှေ့မြောက်ပိုင်းတိုင်း) လက်အောက်ခံ၊ တောင်ကြီးမှ ရပခ(အရှေ့ ပိုင်းတိုင်း) လက်အောက်ခံ စစ်ကူ တပ်များအား ပို့ထားသည့်အတွက် အစိုးရစစ်တပ်ဘက်တွင် တပ်ရင်းအင် အား ၁၇ ရင်းလောက် ရှိနေသည်ဟု ၎င်းက ဆိုသည်။

ssa-n-001ပြီးခဲ့သည့်အပတ်တွင် ထုတ်ပြန်ခဲ့သည့် နေပြည်တော် စစ်ရုံးချုပ်၏ အမိန့်အရ ရှမ်းပြည်တိုးတက်ရေးပါတီ၏ ဌာနချုပ်ကို မဖြစ်မနေ စီးနင်းတိုက်ခိုက်ရန် ယခုရက်ပိုင်းအတွင်း ၁၂၀ မမ မော်ထာလက်နက်ကြီးများကို ၀မ်ဟိုင်းဌာနချုပ်၏ တောင်ဘက်ပိုင်း မိုင်းရှုးမိုင်းနောင်ဘက်တွင် သယ်ဆောင်ရန် စီစဉ်နေသည်ဟုလည်း ချင်းမိုင်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

လက်နက်ကြီးများ သယ်ဆောင်သည့် လမ်းကြောင်းနှင့် ပတ်သက်ပြီး ၄င်းက ပြောဆိုရာတွင် “သူတို့က တောင်ဘက်ကနေ ကားလမ်းနဲ့ သွားလို့ပေါက်တဲ့ သူတို့လက်နက်ကြီးတွေ သယ်လို့ လွယ်တဲ့လမ်းကနေ တောင်ဖက်ကနေသွားမယ်” ဟု ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့က ၀မ်ဟိုင်းဌာနချုပ်နှင့် အနောက်ဘက် ၅မိုင် အကွာ ၀မ့်မို၊ ကျေးသီးမြို့ အနောက် မြောက်ဘက်မှ ၈မိုင်အကွာ ပန်စယ်ရွာ၊ မိုင်းရီ အရှေ့ဘက် ၆ မိုင်အကွာ နားလိနှင့် မိုင်းရီတောင်ဘက် ရ မိုင်ကွာ နမ့်ဟူးဖလံရွာ တွင် တိုက်ပွဲ ၄ နေရာ ဖြစ်ခဲ့သည်ဟု  ဗိုလ်မှူး စိုင်းလှက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့မှ စ၍ ရက်သတ္တပတ်ကျော် ဖြစ်ပွားသည့် ရှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရတပ်တို့ အကြား တိုက်ပွဲတွင် မြန်မာ စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် နန့်ကိုင်ဖို၊ လွိုင်ကိုနှင့် လွိုင်ကဲ စသည့် ရှမ်းပြည်တပ်မတော်၏ စခန်းများအား လက်လွတ်ဆုံးရှုံး ခဲ့ရပြီး ယခုအချိန်တွင် ၀မ်ဟိုင်းဌာနချုပ်၏ မြောက် ဘက်၊ အနောက်မြောက်ဘက်နှင့် အနောက်ဘက် ၅ မိုင် အကွာတွင် မြန်မာ အစိုးရတပ် ရောက်နေပြီဟုလည်း  ဦးစိန်ကြည်က ၎င်းရရှိသော စစ်ရေးအခြေနေကို ကိုးကားပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အနီးနားပတ်ဝန်းကျင်မှ ရွာပေါင်း ၂၀ နှင့် ၀မ့်ဟိုင်းရွာမှ အိမ်ခြေ ၅၀၀ ကျော်ရှိ ဒေသခံ ပြည်သူများသည် တောကြိုတောင်ကြားတွင် ပုန်းရှောင်နေကြရသည်ဟု သိရသည်။

Most read this week