နေပြည်တော်မှာ ထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်

နေပြည်တော်မှာ ထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်
by -
မျိုးသန့်၊ မင်းသက်

ချင်းမိုင်(မဇ္ဈိမ) ။        ။ အစိုးရမှ ဘတ်ဂျတ် လုံလောက်အောင် ချမပေးသဖြင့် နေပြည်တော် တည်ဆောက်ရေး အထူးစီမံကိန်းဝင် ဆောက်လုပ် ရေးလုပ်ငန်းများ ဆက်လက် မလည်ပတ်နိုင်တော့ ရာက ထောင်ပေါင်းများ စွာသော အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်သွားရတော့သည်။

maxbeginstructurမည်သည့်အကြောင်းကြောင့် ဘတ်ဂျတ် ရပ်ဆိုင်းသည်ကို ရှင်းလင်းစွာ မသိရသော်လည်း လုပ်ငန်းရပ်ဆိုင်းမှုမှာ ကုမ္ပဏီပိုင်ရှင်များအဆိုအရ အနည်းဆုံး ၃ လ မှသည် တနှစ်အထိကြာမြင့်နိုင်သည်ဟု ဆိုသည်။

“အစိုးရရဲ့ သဘောကတော့ လုပ်ငန်းကို မရပ်စေချင်ဘူး။ ကုမ္ပဏီတွေ ဘက်ကျတော့လည်း၂ လစာ၊ ၃ လစာ ကျန်နေသေးတယ်။ အဲဒါကြောင့် ကုမ္ပဏီတွေဘက်က ရပ်တာ” ဟု နေပြည်တော်တွင် ကန်ထရိုက် လုပ်ငန်းများ လုပ်နေသူတဦးက မဇ္ဈိမကို ပြောသည်။

ကုမ္ပဏီကြီးများက လက်ခွဲကုမ္ပဏီငယ်များသို့  ငွေမရှင်းပေးနိုင်မှုက အလုပ်သမားများအတွက် လုပ်ခ မရနိုင်ဘဲ ဖြစ်နေသည်။ နေပြည်တော် အဝေးပြေး ယာဉ်လိုင်း စာရင်းတခုအရ ယခုသီတင်းပတ်အတွင်း နေပြည်တော်မှ ထွက်ခွာသူ အခြေခံလုပ်သား စုစုပေါင်း ၂ သောင်းနီးပါး ရှိသည်ဟု ဆိုသည်။

အစိုးရသစ်လက်ထက် ဗဟိုအစိုးရနှင့် ပြည်နယ်များစီမံခန့်ခွဲမှု ခွဲရာက လတ်တလော ဘတ်ဂျတ် အသုံးစားရိတ် များ ထိန်းရခြင်း ဖြစ်သည်ဟု နေပြည်တော်ရှိ အစိုးရဝန်ထမ်း တဦးက ပြောသည်။ သို့သော် အသေးစိတ် ပြောရန်ကိုမူ ငြင်းဆန်သည်။

အစိုးရ ဦးစားပေး သတ်မှတ်ထားသော တည်ဆောက်ရေး လုပ်ငန်းများမှ လွဲ၍ လုပ်ငန်း အများအပြားရပ်ဆိုင်း သွားခြင်း ဖြစ်သည်။

“ အခုတပတ်အတွင်းမှာ အရမ်းသိသာသွားတယ်။ အလုပ်သမားတွေက တနေ့ကို အနည်းဆုံး ၂,ဝဝဝ၊ ၃,ဝဝဝ
 လောက်က ကိုယ့်ရပ်ကို ပြန်နေကြတာ” ဟု အစိုးရဝန်ထမ်း တဦးက ပြောသည်။ ပြန်လိုသော လုပ်သားများ အနေဖြင့် ကားလက်မှတ် အခက်အခဲ ရှိနေသည်ဟုလည်း ပြောသည်။

နေပြည်တော် တည်ဆောက်ရေး အထူးစီမံကိန်းအတွက် မက်စ်မြန်မာ၊ ထူး၊ AsiaWorld၊ နောင်ဒုန်၊ အေဝမ်း၊ အာရုဏ်ဦး၊ ဧဒင်၊ TZTM,ACE စသည့်တည်ဆောက်ရေးကုမ္ပဏီကြီး ၂ဝကျော်မှ တာဝန်ယူ တည်ဆောက်
 ပေးနေခြင်း ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းများမှာ ဒက္ခိဏသီရိမြို့နယ်၊ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်တို့တွင် တည်ရှိသည်။

မက်စ်မြန်မာက ဘောလုံးကွင်းစီမံကိန်းသာ ဆက်လုပ်နေပြီး ကျန်လုပ်ငန်းများ ရပ်ထားကြောင်း ကုမ္ပဏီဝန်ထမ်း တဦးက အတည်ပြုပြောကြားသည်။

၂ဝ၁၂တွင် အပြီးသတ်ရန် ရည်မှန်းထားသည့် လေယာဉ် ၁ဝစင်း တပြိုင်တည်း ဆိုက်ကပ် ထွက်ခွာနိုင်သည့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို GE စစ်အင်ဂျင်နီယာတပ်မှ ဆက်လက် ဆောက်လုပ်နေပြီး ၂ဝ၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရည်ရွယ်ဆောက်လုပ်သည့် နေပြည်တော်ဇေယျာသီရိ နိုင်ငံတကာ ဘောလုံးအားကစားကွင်းနှင့် ဇမ္ဗူသီရိ အဆင့်မြင့် အားကစားကွင်းများကိုမူ ဆက်လက်တည် ဆောက်ဆဲ ဖြစ်သည်။

၂ဝဝ၄ခုနှစ်က စတင်သော နေပြည်တော် တည်ဆောက်ရေး အထူးစီမံကိန်းအတွက် ကြီးကြပ်သော နယ်စပ်ဒေ သနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဦးသိန်းစိန်အစိုးရသစ်မှ ဖျက်သိမ်းခဲ့ပြီး အစားထိုးအဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာနကိုဖွဲ့စည်းကာ ဗိုလ်ချုပ်သိန်းဋ္ဌေးကို တာဝန်ပေးအပ်ခဲ့သည်။

ထို့အပြင် ၁၉၈၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ကို ၂ဝ၁၁ ခုနှစ် ဧပြီလအတွင်းက ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သမ္မတ ဦးသိန်းစိန်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။

Most read this week