ရှမ်း-ကရင်နီနယ်စပ်တွင် ဘိန်းသုံးစွဲသူ လူငယ်များသိသာထင်ရှားလာ

ရှမ်း-ကရင်နီနယ်စပ်တွင် ဘိန်းသုံးစွဲသူ လူငယ်များသိသာထင်ရှားလာ
by -
ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နှင့် ကရင်နီပြည်နယ်စပ်ဒေသများတွင် ဘိန်းရောင်းဝယ်မှုများရှိနေပြီး ၀ယ်ယူသုံးစွဲသူ အများစုမှာ လူငယ်လူရွယ်များဖြစ်နေကြသည်ဟု လူမှုဝန်ထမ်းတို့၏ ပြောပြချက်အရ သိရသည်။

“မိုးဗြဲဖက်တက်တဲ့လမ်းပေါ့။ အဲလမ်းခွဲမှာ ရှိတဲ့ ကယန်းသာယာလေးနဲ့ အဲနီးနားတဝိုက်တွေပေါ့ ရှိတဲ့လူငယ်တွေက သူတို့ တချိန် တချိန်သောက်ပြီဆိုရင် အချိန်တန်ရင် အဆောင် တစ်ဆောင်မှာ ဘားတိုက်လိုမျိုး သူတို့နေတာ တွေ့ရတယ်တဲ့။ သောက်ပြီးပြီဆိုရင် မူးယစ်ပြီးတော့မှ အိပ်နေကြတယ်။ ဘာမှ မလုပ်တတ်တော့ဘူး” ဟု လူထုကြားကွင်းဆင်း၍ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ၀န်ထမ်းတစ်ဦးက ပြောသည်။
poppyshankarenniborder

ရှမ်း-ကရင်နီနယ်စပ်ဖြစ်သည့် ကျေးကတော့၊ ဆီးဘူး၊ ခွီးတလုတ်၊ လကျီနွဲ့၊ ပီကင်းနှင့်လအိလတိန်တို့ သည် ဘိန်းစိုက်ပျိုးမှု များပြားသည့်ဒေသဖြစ်ပြီး ယခုနောက်ပိုင်းမှာလည်းတိုးချဲ့စိုက်ပျိုးမှုများရှိလာ သည်ဟု ဆိုသည်။

“အဲသလိုမျိုး ဘိန်းအဝင်အထွက် အရောင်းအဝယ်က တအားများလာတယ်။ ဖောက်သည်ကလည်း ရွာသားဆီ၊ ကျေးလက်တောရွာဆီရောက်ကုန်ပြီ၊ လမ်းမကြီးတလျှောက် တောင်ကြီးကနေ ဆီဆိုင်၊ ရောင်းထောင်း၊ ပန့်နောင်ထောင်၊ ပြီးတော့ လွိုင်လင်လမ်းပြီးတော့ လွိုင်ကော်ဖက်ဆင်းသွားတဲ့ လမ်းခွဲ အဲဒီ လမ်းနံဘေး တလျှောက်လုံးမှာ ရှိတဲ့လူတွေတော်တော်များများက ဘိန်းအရောင်းအဝယ်တွေပဲ သူတို့လုပ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်တို့တွင်လည်းဘိန်းစိုက်ပျိုးမှုများ ကွက်ကြား ကွက်ကြား ရှိနေပြီး ယခင်က ဘိန်းစိုက်ပျိုးမှုမရှိခဲ့သည့် လွိုင်ကော်မြို့နယ် ထီးစဲခါးကျေးရွာအုပ်စုဖက်တွင် ကြက်သွန်ပင်ကြား၌ ဘိန်းများ စိုက်ပျိုးလာသည်ကို တွေ့ရှိရသည်ဟုဆိုသည်။

“သုံးစွဲမှုလည်း သိတဲ့အတိုင်းပဲ လျှော့ဖို့တော့မရှိဘူး။ တိုးဖို့ပဲ ရှိနိုင်တယ်။ စွဲတဲ့သူက တော်တော်နဲ့ ဖြတ်လို့မရဘူး။ ထပ်ပြီး သုံးစွဲသူက များနေတယ်။ အများအားဖြင့်တော့ လူငယ်ပေါ့” ဟု kayan national development foundation မှ ပြောရေးဆိုခွင့်ရှိသူ ခွန်းပိုက ပြောပါသည်။

ဘိန်းသုံးစွဲခြင်းကြောင့် လူငယ်များ၏ ကျန်းမာရေး ၊ ပညာရေး၊ အကျင့်စာရိတ္တနှင့် နိုင်ငံရေးစိတ်ဝင်စားမှု လျှော့နည်းလာပြီး ခိုင်းသည့်အတိုင်းလုပ်လာနိုင်သည်ဟု သူကဆက်ပြောသည်။

Most read this week