တိုက်ပွဲ ဖြစ်ပွားပြီးနောက် အစိုးရစစ်တပ် ၂ ဦး ကရင်နီတပ်နှင့် ပူးပေါင်း

တိုက်ပွဲ ဖြစ်ပွားပြီးနောက် အစိုးရစစ်တပ် ၂ ဦး ကရင်နီတပ်နှင့် ပူးပေါင်း
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီတပ်မတော်နှင့် အစိုးရတပ်တို့ ကရင်နီ ပြည်နယ် ရှားတောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား ပြီးနောက် အစိုးရတပ်မှ တပ်သား ၂ ဦး ကရင်နီ တပ်နှင့် လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။

ကရင်နီတပ်မတော်မှ ဗိုလ်ဦးရယ် ဦးဆောင်သော စစ်ဦးစီးတပ် တပ်ဖွဲ့သည် အစိုးရတပ် ခမရ ၅၇၅ တပ်ဖွဲ့နှင့် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က ရှားတောမြို့နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းဒေသရှိ ဒေါတခဲကုန်းနှင့် တောင်သုံးလုံး အကြားတွင် ရင်ဆိုင််တိုက်ခိုက်ကြ၍ အစိုးရတပ်ဘက်မှ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်နီတပ်မတော်က ပြောပြသည်။

ထို့နောက် ဇွန်လ ၁၃ ရက်နေ့တွင် ရှားတောမြို့နယ်၌ အခြေစိုက်ထားသော အစိုးရတပ် ခမရ ၃၃၂ မှ တပ်သားဖြစ်သူ တင်းဝင်း အသက် ၂၃ နှစ်နှင့် စောခူသစ် အသက် ၂၅ နှစ်တို့သည် လက်နက်အပြည့် အစုံနှင့်အတူ ရှားတောမြို့နယ်၌ လှုပ်ရှားနေသော ကရင်နီတပ်မတော်မှ ဗိုလ်တော်ရယ် ဦးဆောင်သော ခရိုင် ၁ တပ်ခွဲ ၃ တို့နှင့်လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်နီဗဟိုသတင်းအဖွဲ့မှ ဗားမားနိုင်က ပြောသည်။
အစိုးရစစ်တပ် ၂ ဦး နယ်စပ်ကုန်းအမှတ် ၂၈၈၈ မှ ကရင်နီတပ်မတော် အမာခံ ညာမိုတပ်စခန်းသို့

burmese_soldiers
“တပ်ကြပ်ကြီး ခင်မောင်နီ ဆိုတာ တယောက် ရှိတယ်တဲ့။ အဲဒီတပ်ကြပ်ကြီးက သူ့တို့ကို အလုပ် တအား ခိုင်းတယ်။ နောက် သူ့တို့အပေါ်မှာ ခေါင်းပုံဖြတ်ပြီး နာအောင် ဆဲဆိုတယ်တဲ့။ အဲဒါ သူတို့ ဂိတ် သွားကျတဲ့ အချိန်မှာ ထွက်ပြေးလိုက်တာ” ဟု ၎င်းက ပြောသည်။

ကရင်နီတပ်နှင့် လာရောက်ပူးပေါင်းခဲ့သော ၎င်းအစိုးရစစ်တပ် ၂ ဦးသည် MA-1 သေနတ် ၂ လက်၊ ကျည် ဘောက် ၉ ချပ်၊ ကျည်ဆံ ၂၄၀ တောင့်နှင့် equipment ၂ စုံတို့နှင့် ပါလာကြသည်ဟု ၎င်းက ဆက်ပြောသည်။

တင်းဝင်း၏ ကိုင်ပိုင်နံပါတ်မှာ တ/၃၄၇၁၀၂ ဖြစ်ပြီး စောခူသစ်၏ ကိုယ်ပိုင်နံပါတ်မှာ တ/၃၂၆၁၂၄ ဖြစ်သည်။ ၎င်းတို့သည် ကရင်နီတပ်မတော်တို့နှင့်အတူ လက်နက်ကိုင် တော်လှန်ရေး အလုပ်ကို လုပ်မည်ဟု ပြောဆိုကြောင်း ဆိုသည်။

ခမရ ၃၃၂ သည် ရှမ်းပြည်နယ် ဖယ်ခုံမြို့၌ အခြေစိုက်ထားသော ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (စကခ) ၁၇ ၏ လက်အောက်ခံ တပ်ရင်း ဖြစ်သည်။

Most read this week