လာမည့် ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း ကြိုတင်ကျင်းပပြုလုပ်ကြပါသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှအကြီးအကဲများ၊ NGOs မှကိုယ်စားလှယ် များနှင့် ဒုက္ခသည်ကော်မတီတို့မှ ကြီးမှူး၍ ကြိုတင်ကျင်းပသော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မကြာသေး ခင်ရက်ပိုင်းအတွင်း ရေနှစ်ခဲ့သော ကလေးငယ်အား ကယ်တင်နိုင်ခဲ့ကြသော ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တို့အား လူငယ်စံပြဆုကို ချီးမြှင့်ခဲ့ကြပါသည်။
ဇွန်လ ၁၂ ရက်နေ့ တနင်္ဂနွေနေ့၊ နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် မော်မိုးမယ် ၁၃ နှစ် နှင် ့မော်ပိုးမယ် ၁၄ နှစ်တို့ မောင်နှမသည် မျှစ် ရှာသွားကြရင်း ကလေးအော်သံကြားရသောကြောင့် အသံကြားရာသို့အကူ အညီပေးရန်အပြေးအလွှား သွားရောက်ခဲ့ကြပါသည်။
ထိုအချိန်မှာ အသက် ရ နှစ်အရွယ် ခူးဘဲရယ် ဟာ အကျယ် ၅ တောင်ပတ်လည်ခန့်၊ အနက် ရ တောင်ရှိတဲ့ ရေသိုလှောင်ကန်ထဲမှာ ယက်ကန်ယက်ကန်ဖြင့် အကူအညီတောင်းခံနေတာကို တွေ့ရပြီး အလျင်အမြန် သွားရောက်ကယ်တင်နိုင်ခဲ့ကြပါသည်။ အသက် ၈ နှစ်အရွယ် ခူးဘိုးရယ် မှာမူ ရေအိုင်ထဲနှစ်မြုပ်နေသော ကြောင့် မကယ်တင်နိုင်ဘဲ အသက်ဆုံးရှုံးသွားခဲ့ရပါသည်။
“ကျမတို့သွားတဲ့အချိန်မှာ ကလေးငိုသံကိုကြားရတယ်။ အဲဒါကျမနဲ့ ကျမအစ်မအကြီးဆုံးတစ်ယောက်က အဲဒီကလေးကိုသွားကြည့်ပြီး ကျမအစ်မကသူ့ကို ရေအိုင်ထဲကနေ ဆွဲတင််လိုက်တယ်လေ။ နောက်ထပ် ကျမအစ်မ တစ်ယောက်ကတော့ လမ်းပေါ်မှာပဲ ကျန်နေရစ်ခဲ့တယ် ” လို့ မော်မိုးမယ်က ပြောပြသွားပါသည်။
မော်မိုးမယ် နှင့် မော်ပိုးမယ်တို့မောင်နှမဟာ အမျိုးသမီးများသာဖြစ်သော်လည်း သူတို့၏သတ္တိ၊စွမ်းဆောင် ရည်ကို အခြားသော လူငယ်အတွက်ပါ စံပြအဖြစ်ပြသပေးနိုင်ခြင်းကြောင့် ယနေ့ကြိုတင်ကျင်းပသော ကမ္ဘာ့ဒုက္ခသည်များနေ့မှာ အမှတ် ၁ ဒုက္ခသည်စခန်းကော်မတီဥက္ကဌ ခူးအီရယ်မှဆုများချီးမြှင့်ခဲ့ခြင်းဖြစ် ပါသည်။
တဖက်မှာလည်း စခန်းတွင်းတွင် လူဦးရေတစ်စထက်တစ်စ တိုးလာသည်ကိုတွေ့ရပါသည်။ “ဒီ ၂လတွင်း ထဲမှာကတော့ လူ ၃၀၀ လောက်တော့ ရှိတယ်” လို့စခန်း ၁ အုပ်ချုပ်ရေးမှူး ခူးအီရယ်က လူဦးရေတိုး လာပုံကို ပြောပြသွားပါသည်။
ယခုလက်ရှိ တတိယနိုင်ငံမှာ သွားရောက်အခြေချနေထိုင်ခွင့်ရရှိသော ကရင်နီဒုက္ခသည်ပေါင်း ၁ သောင်း ကျော်ရှိသွားပြီးဖြစ်ပါသည်။ ကျန် ၁ သောင်းကျော်မှာမူ ကရင်နီအမှတ် ၁ နှင့် အမှတ်၂ ဒုက္ခသည်စခန်းတွင် ကျန်ရှိနေပါသေးသည်။
ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို စခန်း ၁ နှင့် ၂ မှ ဒုက္ခသည်များ ပါ၀င်တက်ရောက်နိုင်ရန်အတွက် မယ်ဟောင်ဆောင်မြို့တွင် ကျင်းပပြုလုပ်မည်ဟု သိရှိရပါသည်။



