ဒေသဖွံ့ဖြိုးမှု လိုအပ်သည့် နေရာများ INGOs လူမှုကယ်ဆယ်ရေး ပိတ်ပင်ခံရ

ဒေသဖွံ့ဖြိုးမှု လိုအပ်သည့် နေရာများ INGOs လူမှုကယ်ဆယ်ရေး ပိတ်ပင်ခံရ
by -
နှောင်းလှိုင်

ကရင်နီ (ကယား)ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးမှု နောက်ကျပြီး ကျန်းမာရေး စောင့်ရှောက်ခံခွင့် နည်းသည့် ကျေးလက်ဒေသများတွင် အစိုးရ အာဏာပိုင်များက INGOs နှင့် လူမှုဖွံ့ဖြိုးရေးအဖွဲ့ များကို သွားရောက် ကူညီပေးနိုင်မှု ပိတ်ပင်ထား သည်ဟု ပြည်တွင်း NGOs ၀န်ထမ်းတစ်ဦးက ပြောသည်။

“မြို့နဲ့ ဝေးတဲ့ ရွာတွေဘက်ကို သွားပြီး ကူညီထောက်ပံ့ဖို့ကို အာဏာပိုင်တွေက အဲဒီဘက်မှာ လက်နက်ကိုင် သူပုန်တွေ ရှိတယ် မသွားရဘူး။ တစ်ခုခု ဖြစ်ရင် သူတို့ အနေနဲ့ တာဝန်မယူနိုင်ဘူး ဆိုပြီး အဲလိုပြောတယ်။”

၎င်းနယ်မြေဒေသဘက်တွင် ဆေးပေးခန်းများ ရှိသော်လည်း ဆေးဝါးများ မလုံလောက်ခြင်း၊ အသိပညာ နည်းခြင်း၊ လုံလောက်သော ဆေးကုသခွင့် မရှိသောကြောင့် NGOs နှင့် ဒေသခံလူမှုအဖွဲ့အစည်းကဝင်ရောက် ကူညီလိုကြသည်။
a_village_from_demawhso
လုံလောက်သော ဆေးကုသမှုများ မရှိခြင်းကြောင့် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်းတွင် ဘောလခဲမြို့နယ်ရှိ ကျေးရွာတွင် ချောင်းဆိုးရောဂါကို လျှင်မြန်စွာ ပျံ့နှံ့ကူးစက်ခဲ့ပြီး လူကြီးလူငယ် အယောက် ၄၀ ကျော် ရောဂါ ဝေဒနာ ခံစားခဲ့ကြသည်။ ရှားတောမြို့တွင်လည်း ဆေးကုသမှု အချိန်မှီ မရရှိသဖြင့် ၀မ်းရောဂါဖြင့်အမျိုးသား တစ်ဦး သေဆုံးရပြီး ချောင်းဆိုးရောဂါ၊ ၀မ်းရောဂါနှင့် ယားနာရောဂါများ ဖြစ်ပွားလျက်နေသည်ဟုကရင်နီ လူမှုကယ်ဆယ်ရေးမှ ဆေးမှူး တစ်ဦးက ပြောပါသည်။

၎င်းဒေသများတွင် အစိုးရတပ်မှလည်း လုံခြံုရေး တပ်စခန်းများ ချထားသောကြောင့် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်နီလူမှု အဖွဲ့အစည်းကလည်း မိမိတို့၏ လုံခြံုရေးအရ မကူနိုင်ခဲ့ကြောင်း ဆေးမှူးက ဆက်ပြောသည်။

“သူတို့ ရွာတွေက တပ်စခန်းနဲ့ နီးတယ်။ လမ်းမကြီးလည်း ဖြစ်တယ်။ ကယ်ဆယ်ရေး ဆင်းဖို့ အခက်အခဲ ရှိတယ်။”

ထိုသို့ ခက်ခဲသော နေရာများတွင် ပြည်တွင်း INGO၊ NGO များကို သွားရောက်ကူညီခွင့် ပြုသင့်သည်ဟုကရင်နီ နယ်လှည့် ကျန်းမာရေးအဖွဲ့မှ တာဝန်ခံ ခူဒယ်နီယာယ်က ပြောပါသည်။

“ပြည်တွင်းအဖွဲ့တွေကတော့ သူတို့ နေရာတကာ သွားချင်တယ်။ စစ်အစိုးရတွေက သူတို့ကို ခွင့်မပြုဘူး။ အမှန်တော့ ပြည်တွင်း အဖွဲ့တွေဆိုရင် လွတ်လွတ်လပ်လပ် ခွင့်ပြုသင့်တယ်။ သူတို့ သွားလာနိုင်တဲ့ နေရာ သွားနိုင်တဲ့ အထိတော့ သူတို့ သွားရင်တော့ နအဖက ခွင့်မပြုဘူးလေ။”

အစိုးရအာဏာပိုင်များက နယ်မြေ မအေးချမ်းဟု ဆိုပြီး လူမှုအဖွဲ့အစည်းကို ပိတ်ပင်ထားခြင်း၊ နယ်မြေများ တွင် စစ်တပ်စခန်း ချထားခြင်းကြောင့်လည်း ကရင်နီလူမှုအဖွဲ့အစည်းကလည်း ၀င်ရောက်မကူနိုင်ခြင်းကြောင့် ပြည်သူများမှာ ဆင်းရဲဒုက္ခ ကြံုတွေ့နေကြရသည်။

အစိုးရ ခွင့်ပြုနယ်မြေများတွင်သာ လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်နေကြသည့် အဖွဲ့အစည်းများမှာ INGOs ဖြစ်ကြသော Care Myanmar၊ Action aid၊ World Vision၊ UNDP၊ ACF နှင့် Local NGOs များမှာ ငြိမ်းဖောင်ဒေးရှင်း၊ မေတ္တာဖောင်ဒေးရှင်းများ ဖြစ်ကြသည်။ ဒေသခံလူမှုအဖွဲ့အစည်း ဖြစ်ကြသော Kay HtoeBoe(KHB)၊ Karuna၊ KayahPhoo Baptist Association (KPBA)နှင့် KBA များက INGOsများမသွားနိုင် သည့် နေရာများတွင် လက်လှမ်းမှီသမျှ လူမှုကယ်ဆယ်ရေး လုပ်နေကြသည်။

Most read this week