ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသတွင်မြန်မာစစ်တပ်နှင့်ကေအာန် ယူခေါ် ကရင် အမျိုးသား အစည်းအရုံးတို့အကြား တိုက်ပွဲဖြစ်ပွါးသည့်နေရာတွင် မြန်မာစစ်တပ် ကနေ ဒေသခံရွာသားများကိုရှေ့ပြေးကျည်ကာအဖြစ် အသုံးပြုခဲ့သည်ဟုဒေသခံများမှပြော ပါသည်။
ဇွန်လ (၅) ရက်နေ့တွင် ကေအာန်ယူတပ်ဖွဲ့နှင့်မြန်မာစစ်တပ်တို့ မြိုင်သာယာနှင့်သက်ကယ်ရွာအကြားတွင် တစ်ကြိမ် မဲကသာရွာတွင်တစ်ကြိမ် စုစုပေါင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲအပြီးတွင် မြန်မာစစ်တပ်မှ ဒေသခံကျေးရွာသား များကို ကျည်ကာလူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည်ဟုအပလုံကျေးရွာအုပ်ချုပ်ရေး ကော်မီတီတစ်ဦးက ယခုလိုပြောပါသည်။
“မြိုင်သာယာရွာကယောကျင်္ားမိန်းမအားလုံး(၁၀)ယောက်ခေါ်သွားတယ်။ အသက်အကြီးဆုံးက(၅၅)နှစ်၊ အသက်အငယ် ဆုံးက(၆)နှစ် ကျည်ကာအဖြစ်နဲ့အဲဒီလူတွေကိုသုံးသွားတယ်။ ဒီစစ်ကြောင်းက ပလုံရွာရောက် တော့ ရွာသား(၂၄)ယောက် ထပ်ပြီး တော့ခေါ်တယ်။ အဲဒီ(၂၄)ယောက်ထဲမှာနော်လှလှဝင်းကတစ်နှစ်သား အရွယ်ခလေးတစ်ယောက်နဲ့ပေါ့။ ပြီးလို့ရှိရင်နော်မိုးဟွာ ဆိုတဲ့အမျိုးသမီးလဲ ခလေးငယ်တစ်နှစ်သား တစ်ယောက် အဲတာပိုးပြီးတော့ ဒီစစ်ကြောင်းနောက်ကို မယ်ဇလီအထိသွားလိုက်ပို့ ရတယ်။ အသက် (၆)နှစ်ခလေးနဲ့အဲဒီအမျိုးသမီးအချို့တွေဟာ ကေအာန်ယူဘက်က တိုက်ပွဲမဖေါ်နိုင်အောင် စစ်ကြောင်းရဲ့အရှေ့ကို သွားပေးရတယ်။ အဲတာကျည်ကာအဖြစ်ပေါ့။”
ကေအာန်ယူနှင့် မြန်မာတပ်မတော်တို့ဖြစ်ပွါးခဲ့သည့်တိုက်ပွဲနှစ်ခုစလုံးတွင် ကျေးရွာသားများထိခိုက်မှုရှိခဲ့သည်ဟု အပလုံကျေးရွာအုပ်ချုပ်ရေးကော်မီတီဝင်တစ်ဦးက ယခုလိုဆက်ပြောပါသည်။
“ခလရ (၃၇၃) စစ်ကြောင်း (၁) စစ်ကြောင်း (၂) ပေါင်းပြီးတော့ သုံးဆူကနေတောင်စွန်းကိုဆင်းတယ်။အဲဒီဆင်းတဲ့ အချိန်မှာ ကေအာန်ယူတပ်ရင်း(၁၆)ပျောက်ကြားအဖွဲ့မှ မြိုင်သာယာနဲ့ သက်ကယ်ကြားမှာတိုက်ပွဲဖေါ်တယ်။ မိုင်းခွဲတော့ အဲဒီခလရ(၃၇၃) ဗိုလ်ကြီးတစ်ဦးကျဆုံးသွားတယ်။ တိုက်ပွဲပြီးတဲ့မကြာခင်မှာ ဒီစစ်ကြောင်းက မြိုင်သာယာရွာထိပ်ကိုရောက်တော့ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခဲ့တယ်။ နော်မိုးမိုးအေးအသက် (၃၂)ဆိုတဲ့သူက ဘယ်ဘက်လက်မောင်းသေနတ်ဒဏ်ရာရသွားတယ်။ နဲနဲတော့ ပြင်းထန်တယ်။ ပီးတော့တပ်ရင်း(၁၆)နှစ်ဖွဲ့ပေါင်းပြီးတော့ (၅၆၃)စစ်ကြောင်း(၁)စခမ်းကိုဝင်ပစ်တယ်။ အိမ်တစ်လုံးတော့ ပျက်သွား တယ်။ မဲကသာကျေးရွာဥက္ကဌဦးချစ်ရွှေအိမ်ပျက်သွားတယ်။ ဆိုင်ကယ်တစ်စီးပျက်သွားတယ်။”
ဘုရားသုံးဆူဒေသအတွင်း၌ ဆက်တိုက်တိုက်ပွဲတွေဖြစ်ပွါးနေမှုကြောင့်ဒေသခံများအနေနှင့်စိုးရိမ်ထိတ်လန့် နေသည့်အခြေအနေမှာရှိနေသည်ဟု ဒေသခံများမှပြောသည်။ ဇွန်လ(၅)ရက်နေ့ညနေပိုင်းတွင်အမည် မသိမျက်နှာဖုန်းစွပ်လက်နက်ကိုင်အဖွဲ့မှ ဘုရားသုံးဆူမြို့ထဲသို့ဝင်ရောက်ပစ်ခတ်ဗုံးခွဲခဲ့သဖြင့်ခလေးငယ် မိန်းခလေးတစ်ဦးနှင့် စစ်ဘက်ရေး ရာလုံခြံုရေးတပ်ဖွဲ့တပ်ကြပ်တစ်ဦး သေဆုံးခဲ့ပြီးသုံးဦးဒဏ်ရာ ရရှိခဲ့သည်။ ယခုအချိန်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် ဘုရားသုံးဆူမြို့၌ ဆိုင်တချို့ ပိတ်ထားရသလိုကျောင်းသား ကျောင်းသူများလည်း ကျောင်းမတက်ရဲသည့်အခြေနေ ရှိနေသည်ဟု မြို့ခံများမှ ပြောပါသည်။
ပြီးခဲ့သည့် (၂၀၁၀) ခုနှစ်နိုဝင်ဘာလတွင်နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန်ငြင်းဆန်ခဲ့သည့် ဗိုလ်မှူး စောအေဝမ်း ဦးစီးသော ဒီကေဘီအေတပ်ဖွဲ့သည် အစိုးရကနေကျင်းပ သည့်ရွေးကောက်ပွဲကိုဆန့်ကျင်သည့် အနေနှင့် ဘုရားသုံးဆူမြို့ကို ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါသည်။
အဆိုပါတိုက်ပွဲကြောင့် ဒေသခံပြည်သူအများအပြားထိုင်းနယ်စပ်ဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယခုလိုတိုက်ပွဲ များ ဖြစ်ပွါးနေမှုကြောင့် ဒေသခံပြည်သူများအနေနှင့် ဘဝအာမခံချက်လုံခြံုရေးကင်းမဲ့ပြီး လူ့အခွင့်အရေးချိုးဖေါက်မှုများ ဆက် လက် ရှိနေဦးမည်ဟု နယ်စပ်စစ်ရေးအကဲခတ်သူများကသုံးသပ်ပြော ဆိုထားပါသည်။



