သက်တော် ၁၀၁ နှစ်ရှိ မဲဘောင်ကျောင်းတိုက် ဆရာတော်ကြီး၏ အန္တိမစျာပန လုံခြံုရေးတင်းကြပ်

သက်တော် ၁၀၁ နှစ်ရှိ မဲဘောင်ကျောင်းတိုက် ဆရာတော်ကြီး၏ အန္တိမစျာပန လုံခြံုရေးတင်းကြပ်
by -
နန်းဖော့ဂေ

သက်တော် ၁၀၁နှစ်ပြည့်ပြီး မေလ ၁၂ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် ကရင်ပြည်နယ်၊ ဖားအံမြို့ မဲဘောင် စာသင်တိုက် ကျောင်းထိုင် ဆရာတော် နိုင်ငံတော် သြဝါဒစရိယ ဘဒ္ဒန္တဣန္ဒြိယ (အဘိဓဇ မဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက)၏ အန္တိမစျာပန အခမ်းအနားကိုယမန် နေ့က ကျင်းပပြုလုပ်ခဲ့ရာ လုံခြံုရေးများတင်းကြပ် ထားခဲ့သည်။

ယမန်နေ့ညနေ ၃နာရီခန့်တွင် ပြုလုပ်ခဲ့သည့် ဆရာတော်၏ စျာပန အခမ်းအနားပွဲတော်ကို ကရင်ပြည် နယ်ဝန်ကြီးချုပ် ဗိုလ်မှူး ချုပ်ဇော်မင်းက စီစဉ်ကျင်းပပေးခဲ့ပြီး စျာပနပွဲတော် မတိုင်ခင် ဖားအံမြို့ အမှတ်(၃)ရပ်ကွက်ရှိ မဲဘောင်ကျောင်းတိုက်တွင် တရားပွဲတော်ကို ၆ရက်တိုင်တိုင် ကျင်းပခြင်း၊ ရုပ်ကလပ်ကို ကြာ အင်းတောင်ပေါ်တွင် အနိစ္စဝါဒ သင်္ခါရလို့ ရွတ်ဆိုကြပြီး gas ဖြင့် မီးသင်္ဂြိုလ်ခြင်း၊မီးရှူးမီးပန်း ဖောက်ခြင်းနှင့် ရုပ်ကလပ်ပြာကျချိန် ငွေပိုက်ဆံကြဲခြင်းများဖြင့် စျာပနကို အဆုံးသတ်ခဲ့ ကြောင်း နီးစပ်ရာလူထုကပြော သည်။

မြို့ခံတစ်ဦးက “မနေ့က ညနေ ၃နာရီမှာ မိုးရွာပြီး ခဏကြာမှ ဆရာတော်ရဲ့ ရုပ်ကလပ်ကို ယောဂီတွေက သူ့အဖွဲ့နဲ့သူ တလှည့်စီ မဲဘောင်ကျောင်းကနေ ကြာအင်းတောင်ပေါ် ပင့်ဆောင်သွားကြတယ်။ဆရာတော် က နိုင်ငံတော်ရဲ့ ဘုန်းကြီးဆို တော့ လူတွေက ရုပ်ကလပ်ကို ကြိုးတန်းဆွဲတာမှ အရှည်ကြီးပဲ။ လုံခြံုရေးက များလွန်းတော့ လူတွေက သင်္ဂြိုလ်တာကို မမြင်ရ ပါဘူး။”ဟု ဆိုသည်။
DSC03478
ဖားအံမြို့အရှေ့ဘက် ကြာအင်းတောင်ပေါ်တွင် ယမန်နေ့ည ၆း၁၅နာရီ၌ ဆရာတော်ကို မီးသဂြိင်္ုဟ်ခဲ့ရာ ဦးသုမင်္ဂလ (ဒယ်အိုး ဆရာတော်)၊ ဦးကောသဏ္လ အပါအဝင် သံဃာတော်များ၊ ကရင်ပြည်နယ် ၀န်ကြီးများ၊ အမတ်များ၊ ယောဂီများနှင့် လူထုပရိ ဿတ်များ စည်ကားစွာ ရောက်ရှိလာကြသော်လည်းဝန်ကြီးချုပ် ဇော်မင်းက ဦးဆောင်ကျင်းပသည့်အပေါ် သံဃာတော်များက ကျေနပ်မှုနှစ်သက်မှု မရှိကြောင်း သိရသည်။

အမည်မဖော်လိုသူ ဖားအံမြို့ကျောင်းထိုင်ဆရာတော်တစ်ပါးက “ဒီပွဲဟာ သံဃာတော်တွေကို တိုင်တိုင် ပင်ပင်နဲ့ လုပ်ရမယ့်ပွဲပါ။ အခုဟာက သူတို့ဖာသာ သူတို့ အစီအစဉ်တွေ လုပ်နေကြတယ်လေ။ သံဃာတွေ ကတော့ ထိုင်ကြည့်ရုံပေါ့။”ဟု ပြောဆိုသည်။

စျာပနပွဲလာသူ လူငယ်တစ်ဦးက “ဆရာတော် စျာပနဟာ  စျာပနပွဲနဲ့ မတူပါဘူးဗျာ။ လွတ်လည်း မလွတ် လပ်ဘူး။ ရဲတွေ၊ ဘာ တွေက အများကြီးပဲ။ လုံခြံုရေးပွဲလို့ ခေါ်ရမလိုပါပဲဗျာ။ လုံခြံုရေးရဲအရာရှိက လူတွေကို တောင်ပေါ်လည်း မပေးတက်ဘူး။”ဟု ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သရက်ကုန်းကျေးရွာဇာတိဖြစ်သူ ဆရာတော်ကို ခမည်းတော် ဦနန္ဒိယ၊ မယ်တော် ဒေါ်မအင်း တို့မှ မြန်မာသက္ကရာဇ် ၁၂၇၃ခုနှစ်၊ နယုန်လဆန်း ၁၂ရက်(တနင်္ဂနွေနေ့)တွင် ဖွားမြင်တော်မူခဲ့ပြီး ၁၃နှစ်သားအရွယ်တွင် ၎င်း ၏ကျေးရွာမှ သရက်ကုန်းကျောင်းဆရာတော် ဘဒ္ဒန္တနန္တကို ဥပဇ္စျာယ်ပြု၍ ရှင်သာမဏေပြုခဲ့သည်။

ဆရာတော် ဘဒ္ဒန္တအိန္ဒြိယသည် ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်ကြီးကို ပရိယတ္တိစာသင်တိုက်အဖြစ် တည်ထောင်ဖွင့်လှစ်၍ အငယ်၊ အလတ်၊ အကြီး စာသင်သံဃာအပါး ၉၀ကျော်ကို ကိုယ်တိုင် ကြီးကြပ် ကွပ်ကဲ၍ စာပေသင်ကြားပို့ချခြင်း၊ ကရင်-မြန် မာ နှစ်ဘာသာ ဂါထာပဒေသာကျမ်း၊ ကရင်ဘာသာပြန် သီလက္ခန်ပါဠိတော်၊ ကရင်ဘာသာပြန်(သဒ္ဒါ၊ သဂြိင်္ုဟ်၊ ၀ိနည်းငယ် လေးစောင်)၊ ကရင်ဘာသာပြန် ဓမ္မစင်္ကြာအဖြေကြမ်း၊ ကရင်ဘာသာပြန် ဓမ္မပဒကျမ်းတို့ကို တည်းဖြတ်ခဲ့သည်။

ဆရာတော်ကြီး၏ တပည့်သားဖြစ်ခဲ့သူ အရှင်ပညာဒီပက “ဆရာတော်က တစ်ခုခုကို ဆုံးဖြတ်တဲ့နေရာမှာ ပြတ်သားတယ်။ မျက်နှာမလိုက်ဘူး။ ရှင်သာမဏေတွေနဲ့ဆိုရင်တော့ တကယ့်ကို သူ့မြေး၊ သူ့သားအရင်းလို ဆက်ဆံဆုံးမလေ့ရှိတယ်။ ဆရာ တော်ရဲ့ နိုင်ငံကျော်သြဝါဒကတော့ “အသက်ရယ်တဲ့ရှည်စေလိုမန်းတောင် ရိပ်ကိုခို”တဲ့လေ။”ဟု ဆိုသည်။

ဆရာတော်သည် နိုင်ငံတော်အစိုးရက ချီးမြှင့်လှူဒါန်းပူဇော်ခဲ့သည့် အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော် မြတ်ကို ၁၃၅၃ခု (၁၉၉၁ခုနှစ်)တွင်လည်းကောင်း၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်မြတ် ကို ၁၃၆၅ခု(၂၀၀၄ခုနှစ်)တွင်လည်း ကောင်း ရရှိခဲ့သည်။

ဆရာတော်ကြီးသည် သက်တော် ၁၀၁နှစ်၊ သိက္ခာတော် ၈၁၀ါတွင် ၂၀၁၁ခုနှစ်၊ မေလ ၁၂ရက်နေ့ မနက် ၅း၅၉နာရီအချိန်၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း နိုင်ငံတော်၏ သာသနာရေး ဦးစီးဌာနမှသတင်းထုတ် ပြန်ခဲ့သည်။