အုန်းဖျံနှင့် မယ်လတွင် ဒုက္ခသည်စာရင်း စစ်ဆေး

အုန်းဖျံနှင့် မယ်လတွင် ဒုက္ခသည်စာရင်း စစ်ဆေး
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။        ။ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ အုန်းဖျံနှင့်မယ်လဒုက္ခသည် စခန်း နှစ်ခု တွင် အာဏာပိုင်များ စစ်ဆေးနေသည်မှာ ၃ ရက် ရှိပြီဟု မယ်လစခန်းကော်မတီတာဝန်ရှိသူ က ပြောသည်။

တာ့ခ်ခရိုင်ဝန်၏ ညွှန်ကြားချက်ဖြင့် စာရင်းရှိ လူဦးရေစုစုပေါင်းနှင့် အမှန်တကယ် စခန်းတွင်း နေထိုင်သူဦးရေ ကိုက်ညီမှု ရှိမရှိကို ယခုလ ၂၃ ရက်နေ့မှစ၍ စတင်စိစစ်နေခြင်း ဖြစ်သည်။

ဒုက္ခသည်များကို ရိက္ခာကူညီနေသည့်  Thailand Burma Border Consortium (TBBC) ၏ စာရင်းအရ မယ်လစခန်းတွင် ၄၃ဝဝဝ ဦးကျော် ရှိနေပြီး အုန်းဖျံစခန်းတွင် ၁၆ဝဝဝ ကျော် ရှိသည်ဟု ဆိုသည်။

camplocationအုန်းဖျံစခန်း၌ စာရင်းသွင်းထားပြီး မဲဆောက်မြို့၌ ရုံးလုပ်ငန်းများသွားရောက်လုပ်ကိုင်နေသူ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးကမူ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ထံမှ စာရင်းစစ်မည့်ကိစ္စကို ကြိုတင်သိထားကြောင်း မဇ္စျိမကို ပြောသည်။

အုန်းဖျံစခန်းတွင် တာ့ခ်အရာရှိများနှင့် စခန်းလုံခြံုရေး တာဝန်ရှိသူ (အောဆော်) များက လူစစ်ခြင်း၊ ဓာတ်ပုံမှတ်တမ်း ရိုက်ယူခြင်းတို့ကို အမြန်ဆောင်ရွက်နေသော်လည်း မယ်လစခန်းတွင်မူ ခရိုင်တာဝန်ရှိသူများ မပါဘဲ အောဆော်များကသာ တာဝန်ယူ ဆောင်ရွက်နေသည်။

စစ်ဆေးတွေ့ရှိချက်ကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံးသို့ပေးပို့ရမှာ ဖြစ်ပြီး မှတ်တမ်း တင်ပြီးသူကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေး စိစစ်ရာတွင် လက်ခံစဉ်းစားမှာ ဖြစ်သည်။

လူစိစစ်မှုပုံစံသည် စခန်းနှစ်ခု မတူညီဘဲ ဖြစ်နေသည်။ “မယ်လကတော့ လူဟောင်း (UN အောင်ထားသူ) ကို ဓာတ်ပုံရိုက်တယ်။ လူဟောင်းကုန်မှ ၂ဝဝ၆ စဝင်မယ်။ အုံးဖျံကျတော့ အဲဒီလို မဟုတ်ဘူး၊ တရပ်ကွက်ကို လူဟောင်းရော လူသစ်ရော စစ်လိုက်တယ်။ လူဟောင်းကို ဓာတ်ပုံမရိုက်ဘူး။ လူသစ်ကိုပဲ ရိုက်တယ်” ဟု မယ်လစခန်းကော်မတီ အတွင်းရေးမှူး ၃ စောအဲကလယ်က ပြောသည်။

မယ်လစခန်း၌ လက်ရှိတွင် ဇုန် အေ၊ ဘီ၊ စီ ဟူ၍ သုံးခုရှိပြီး ရပ်ကွက် ၂၂ ရပ်ကွက်ရှိရာ၊ ဇုန်တခုဆီမှ “ရပ်ကွက် ၁” များမှ တရက် ၅၅ အိမ်ထောင်စုနှုန်းဖြင့် စတင်စစ်နေပြီး ၄၉၅ အိမ်ထောင်စု စစ်ဆေးပြီးမည်ဟု သူက ဆက်ပြောသည်။

Most read this week