ကိုလိုနီယားနာနှင့် အဆောင်အယောင် နိုင်ငံရေး

ကိုလိုနီယားနာနှင့် အဆောင်အယောင် နိုင်ငံရေး
by -
ဘိုဘိုကျော်ငြိမ်း

အင်္ဂလိပ်ဘုရင်မမြေး မင်္ဂလာဆောင်ကို ကမ္ဘာက အာရုံစိုက်ကြည့်နေကြသည့်အတွက်ပုဂ္ဂိုလ်ရေး ကိစ္စ ဇာချဲ့လွန်းသည်ဟု မျက်မွေးစူးစရာပင် ဖြစ်တော့သည်။ တချို့ကလည်းကိုယ့်တိုင်းပြည် ကျွန်လုပ်သွေး စုပ်သွားသည့်ဘုရင်အမျိုးအနွယ် တွေကို ဤမျှ အလွမ်းပိုမနေသင့်ဟုစောကြောကြ သည်။

''ဂျူဘလီသဘင်ပွဲထိုင်တွင် မောင်မယ်စုံညီနွှဲနိုင်လျှင် ''  (ခေတ်ဟောင်းတေးတပုဒ်)

မြို့မငြိမ်း၏ မင်္ဂလာမောင်မယ်သီချင်း (မေရှင်ဆို)

အင်္ဂလိပ်ဘုရင်မမြေး မင်္ဂလာဆောင်ကို ကမ္ဘာက အာရုံစိုက်ကြည့်နေကြသည့်အတွက်ပုဂ္ဂိုလ်ရေး ကိစ္စ ဇာချဲ့လွန်းသည်ဟု မျက်မွေးစူးစရာပင် ဖြစ်တော့သည်။ တချို့ကလည်း ကိုယ့်တိုင်းပြည်ကျွန်လုပ်သွေး စုပ်သွားသည့် ဘုရင်အမျိုးအနွယ်တွေကို ဤမျှ အလွမ်းပိုမနေသင့်ဟု စောကြောကြသည်။ပုဂ္ဂိုလ်ရေး သတင်းဆိုသည်က လူစိတ်ဝင်စားအာရုံစိုက်ခံရသူများသတင်းမှာ သတင်းအရ တန်ဖိုးတမျိုးတော့ရှိလေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒီတခေါက်ပြန်လွတ်လာသည်ကအစ အခုထိသူသွားလာလှုပ်ရှား ဝတ်ဆင်သည်ကအစ သတင်းဖြစ်နေသည်မဟုတ်ပါလား။

ဤဝေးလံမြေခြား မြန်မာပြည်နှင့်လည်း နိုင်ငံရေး စီးပွားရေးအနှောင်အဖွဲ့မရှိသည့်တိုင်းပြည်မှမင်္ဂလာ ဆောင်ကို ဟောလီးဝုဒ်မင်းသားမင်းသမီး မဟုတ်ပဲ စိတ်ဝင်စားကြသည်ကတော့ ကွယ်လွန်သူ သတို့သားမိခင် လေဒီဒိုင်ယာနာကြောင့်ဟု ထင်မိသည်။ လေဒီဒိုင်ယာနာမှာ အဝတ်အစားဖက်ရှင်ကျ ချစ်စရာပီယရှိရုံသာမက တခြားမင်းသမီးများ မင်းသားမြောက်သားတော်များနှင့်မတူ လူမှုရေးအလုပ်ကိုဇောက်ချလုပ်သွားသည့် အတွက် အများမေတ္တာကို ခုထိရနေသူဖြစ်သည်။ ဖြတ်ခနဲရပ်သွားသည့် ဘဝအဆုံးသတ်ကြောင့် ကျန်ရစ်သူ သား နှစ်ပါးကို ဒိုင်ယာနာချစ်သူများက အသနားပိုကြသည်မှာ ခုထက်တိုင်ဖြစ်သည်။

ဥရောပ အာရှမှ ထီးရှင်နန်းရှင်များအကြား ဗြိတိသျှထီးနန်းကိုမှ မြန်မာတို့ စိတ်ဝင်စားသည်က ကိုလိုနီအမွေ သံယောဇဉ်နှင့် လွှမ်းမိုးမှုကြောင့် ထင်ပါသည်။ မည်မျှပင် မျိုးချစ်ပါသည်ဟု ကြွေးကြော်သူများပင်ဘက်ကင် ဟမ်နန်းတော် ဘစ်ဘင်နာရီစင် ပါလီမန်နှင့် လန်ဒန်ရဲတိုက်က သရဖူတလုံးတွင်ငမောက်ပတ္တမြားရှိနိုင် ကြောင်းစသည့် ဘိလပ်အကြောင်းကို အမျှင်တန်းအောင် ပြောနိုင်ပါသေးသည်။ အထူးသဖြင့်ခရစ်ယာန် သာသနာပြုကျောင်းပညာရေးကို ရလိုက်သည့် အသက် ၆ဝ အထက် ပင်စင်စားရိက္ခာတော်နည်းနည်းနဲ့ များများရမျိုးဆက်တချို့ဖြစ်ပါသည်။

bw
အဓိကကတော့ အများပြည်သူစောင့်မျှော်ကြည့်နိုင်သည့် ဘုရားကျောင်းနှင့် နန်းတော်ကြားဘာဂီရထားနှင့် သွားသည့်အခမ်းအနား၊ နန်းတော်ဝရံတာမှ လူထုကိုထွက်နှုတ်ဆက်သည့်ကဏ္ဍများကြောင့်ကမ္ဘာ့သတင်း လောကတွင် ဟစ်ဖြစ်နေပါသည်။ မြန်မာပြည်တွင် ဘုရင်ခေတ်က နေပြည်တော်ခေတ်ထိရေမြေ့ရှင်များ မင်္ဂလာဆောင်တွင် လူထုကဏ္ဍက စတုဒိသာကျွေးသည်လောက်သာ ရှိခဲ့ဘူးသည်ဖြစ်၍ ဤသို့ထိပ်ဆုံးက လူများကို ကျန်သူများက စောင့်ကြိုအားပေးသည့် ဥရောပထုံးစံမှာ မြန်မာပြည်လိုအာဏာရှင်ဒီမိုကရေစီ နိုင်ငံမျိုးတွင် မကြားဘူးအောင် ဖြစ်နေရသည်။

(၂)

ထိုမှ မြန်မာနှင့် အင်္ဂလိပ်မင်းစိုးရာဇာတို့ ဆက်စပ်မှုကို ဆက်ရေးရလျှင် နှမတော် ဝိတိုရိယထံရွှေထွေးခံလက် ဆောင်ပို့သည်ကို ပန်းအိုးလက်ခံရရှိ၍ ကျေးဇူးတင်ကြောင်းစာပြန်သဖြင့် “နှမတော်လဲ နန်းနဲ့ဝေးတော့ နန်းထုံးစံတွေမသိတော့ဘူး”ဟု မင်းတုန်းမင်းကြီးက မိန့်သည်ဟု ရီစရာပြောတတ်သည့် ကိုလေး(အင်းဝ ဂုဏ်ရည်)ကို သတိရသည်။ သူတို့ဆရာ ရွှေပြည်ဦးဘတင်ဆီက ကြားဘူးတာလား၊ မန္တလေးနားကရှေးလူကြီး တွေပြောတတ်သည့် နန်းတွင်းပုံပြင်ပဲလားမသိပါ။ သေချာသည်က သီပေါမင်းတို့ ဘိလပ်အလည်သွားခရီးစဉ် တိုင်တားမင်းကြီး၊ ရနောင်မောင်တုတ်တို့ဝင်နှောင့်၍ ပျက်သွားခဲ့ခြင်းပင်။ တိုင်တားအုပ်စုက “ အရှင် ၂ ပါး မရှိတုန်း နေပြည်တော်ကြီးကို မြင်ကွန်းတို့ ညောင်ရမ်းတို့က အလှကြည့်နေမှာ မှုတ်ဘူးဘုရာ့၊ ရွှေနန်းရှင်သည် သောင်ပြင်မှာလွှတ်သောခွေးကဲ့သို့ ဘိလပ်မှာ ငတ်သေရမည်”ဟု နားသွင်းသောကြောင့် ကင်းဝန်မင်းကြီးတို့ ဘိလပ်ပြန်အုပ်စုအကြံပျက်ခဲ့ရဘူးသည်။

ထို့နောက် ကျွန်ခေတ်တွင် လန်ဒန်တွင် ဝိတိုရိယဘုရင်မနှင့် လ္ဘက်ရည်ပွဲအတူသုံးဆောင်ဘူးသည့်မင်းကြီးက တော်မမြမေ၊ မြန်မာပြည်သိမ်းဘုရင်မ၏ မြေးတော်များနှင့် ကျောင်းနေဘက် ဝံသာနုခေါင်းဆောင်ဂျီစီဘီအေ အဖွဲ့ချုပ်၏ ပထမဆုံး သမတဘွဲ့ခံဥက္ကဋ္ဌကြီး ဦးချစ်လှိုင်စသည့် ကျွန်ကြီးများ၏ဘိလပ်မင်းပါးစိုး ခွင်ဝင်နိုင်မှုက ဆွေစဉ်မျိုးဆက် မော်ကွန်းထိုးစရာဖြစ်ခဲ့သည်။ ဦးချစ်လှိုင်က မော်လမြိုင်မှ ကျွန်းသစ်လုံးများမှာပေးကာ ဘက်ကင်ဟမ်နန်းတော်တွင် သစ်နန်းတော်လေးဆောက်ပေးဘူးသည်ဟု သူ့နှမ အမတ်ဒေါ်နှင်းမြအကြောင်း စောမုံညင်းရေးစဉ်က ဖတ်ဖူးသည်။

bw1
“အောင်ဆုသြဘာ မင်္ဂလာနှင့် ဆယ်ဖြာလက်မြှောက် ကျွနု်ပ်လျှောက်ပိမ့်” အစချီကာ ကျွန်ခေတ်ကကျောင်းများ တွင် နေ့စဉ်ရွတ်ရသော ဘုရင်အလေးပြုမေတ္တာပို့လင်္ကာမှာ God Save the King သီချင်း မြန်မာပြန်ပင်ဖြစ်ပီး အင်ပါယာစွဲကော်မတီခေါ် မြန်မာပြည်သူများအကြားကျွန်သွေးကျွန်စိတ်များတိုးပွားရေး အတွက်ပထမ ကမ္ဘာစစ်အတွင်းတည်ထောင်သည့် စိတ်ဓာတ်ဝါဒဖြန့်အဖွဲ့က စပ်ဆိုသည်။ ဘိုင်စကုပ်ရုံတွင် ဘုရင် ဘုရင်မ ပုံပြကာ အရိုအသေပေးခိုင်းတိုင်း မြန်မာတွေ နောက်တတ်သည့် ကင်းဂျွတ်နဲ့ ကင်းမဲကြီးမှာ အိမ်ရှေ့စံ ဝေလာမင်းသားမင်းသမီးဘဝ ၁၉ဝ၆ က မြန်မာပြည်အလည်လာကာ မန္တလေးနန်းတော်ဟောင်းကိုကြည့်သွား ဘူးသည့် ဂျော့နှင့်မေရီ စုံတွဲဖြစ်သည်။ သူတို့ ၁၉၁၁ ဟို အနှစ်တရာက ဒေလီမြို့တော်သစ်တွင်အိန္ဒိယ လက်နက်နိုင်ငံဘိသိက်ခံရာတွင်လည်း မြန်မာပြည်က စော်ဘွား-မဟာဒေဝီတချို့၊ပုဂံဝန်ထောက်ဦး တင်နှင့် ဦးဘိုးသာစသည့် ဒုတိယဘုရင်ခံ၏ မင်းတိုင်ပင်အမတ်ကြီးများတက်ရောက်အခစားဝင်ရပါသည်။ သူတို့လာတုန်း ရတနာဂီရိစံသီပေါဘုရင်ဟောင်းက ထောက်ပံ့ကြေးပိုရအောင် စာတင်ခဲ့သော်လည်း လျစ်လျူပြုခံရသည်။

ထို့နောက် တခုလပ်နှင့် လက်ဆက်၍ နန်းစွန့်ရသည့် ဝေလမင်းသားအက်ဒွပ် ၁၉၂၂ လာစဉ်ကသပိတ်မှောက်ဖို့ လှုံ့ဆော်သည့် ဦးချစ်လှိုင်၊ ဦးစိန်းစသည့် နိုင်ငံရေးသမား သတင်းစာသမားများကို နယ်စွန်နယ်ဖျားပို့နယ်နှင်ခဲ့ သည်သာမက မင်းသားပြန်လျှင် လွမ်းကျန်ရစ်မည့် ရန်ကုန်သူ လူ့မလိုင်သမီးများရတနာဒီပံဆေးဖယောင်းတိုင် ထွန်းသင့်ကြောင်း စာရေးသည့် သတင်းထောက် ဦးပုကလေးကို ညစ်ညမ်းသည်ဟု ဖမ်းခဲ့ဘူးသည်။ ဝေလမင်းသား ရန်ကုန်တက္ကသိုလ်အသစ်ကို လာကြည့်စဉ်က ရွှေနားတော်သွင်းရန် စပ်သည့်ယူနီဗာစီတီ ဆရာပွား၏ ဝေလမင်းသားဧချင်းဟုလည်း ကျန်ခဲ့သည်။

ထိပ်ဆုံးကလူများကို ကျန်သူများက စောင့်ကြိုအားပေးသည့် ဥရောပထုံးစံမှာ မြန်မာပြည်လို အာဏာရှင် ဒီမိုကရေစီ နိုင်ငံမျိုးတွင် မကြားဘူးအောင် ဖြစ်နေရသည်။

သူနန်းစွန့်ပီး အသစ်တက်သည့် ညီတော် ဆဌမဂျော့၏ ၁၉၃၇ နန်းတက်ပွဲသို့ မြန်မာနန်းရင်းဝန်ဒေါက်တာ ဗမော်၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်၊ သူဌေးဆာဦးသွင်တို့ တက်ကြသည်။ လန်ဒန်ရောက်မင်းသုဝဏ် စသည့် မြန်မာပညာသင်များကို နန်းရင်းဝန်ကြီးက တွေ့ဆုံအားပေးသည်။

ဂျော့၏ သမီးတော်ကြီး ဝေလမင်းသမီး အဲလဇ္ဇဘက်သ် ၏ ၁၉၄၇ မင်္ဂလာဆောင်အတွက် မိုးကုတ်မြို့က ပတ္တမြားလည်ဆွဲဆက်သပီး မြန်မာသမ္မတ စဝ်ရွှေသိုက်-မဟာဒေဝီနှင့် သမီးတော် စဝ်စန္ဒာတို့တက်ရောက်ကြ သည်။ လွတ်လပ်ရေးမရသေးသော်လည်း ရတော့မည်ဖြစ်၍ တိုင်းပြည်ချင်း ဆက်ဆံရေးတွင်အလွန် အရေးကြီးသည့်ပွဲဖြစ်၍ သမ္မတအဖြစ် တိုင်းပြည်ပြုလွှတ်တော်ဥက္ကဋ္ဌ ညောင်ရွှေစော်ဘွားကြီးကိုကြိုတင် လျာထား စေလွှတ်ရသည်။ စဝ်စန္ဒာမှာ ဘိလပ်တွင် ကျောင်းဆက်တက်ရန်တပါတည်းလိုက်လာခြင်းဖြစ် သည်။ (ကိန်းဘရစ်ချ်မှ မနုဿဗေဒမဟာဘွဲ့ယူခဲ့သည်) လက်ထပ်ပွဲတွင် မဟာဒေဝီနှင့် သမီးတော်တို့ မြန်မာမင်းသမီးဝတ်စုံ ထိုင်မသိမ်း ဗလာထမီနှင့် ပွဲတက်ကြသည်။

မြန်မာ့နိုင်ငံရေးနှင့် တပ်မတော်အတွက် လွန်စွာကျေးဇူးကြီးသည့် ဗြိတိသျှရေတပ်ဦးစီးချုပ်ဟောင်း လော့ဒ်မောင့်ဘက်တန်အော့ဖ်ဘားမားမှာ လက်ရှိဘုရင်မ အဲလဇ္ဇဘက်သ်၏မြောက်သားတော်ဖိလစ်မင်းသား ၏ ဦးလေးတော်ကာ မင်းဆွေမင်းမျိုးများအပေါ် အင်မတန်သြဇာကြီးသူဖြစ်သည်။ သူ့မသာတော်တွင် မြန်မာပြည်က ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ချစ်လှိုင် (နောင် နိုင်ငံခြားရေးဝန်ကြီး၊ ယခု တစည) နှင့်အခြား ဗိုလ်မှူးကြီးများ ဗီအိုင်ပီအနေနှင့် အလောင်းတင်ခေါင်းနောက်ကလိုက်ရသည်၊ ဦးနုခေတ်က ပေးသည့် မြန်မာပြည်၏ အမြင့်ဆုံး အဂ္ဂမဟာသီရိသုဓမ္မဘွဲ့တံဆိပ်နှင့် ရွှေစလွယ်ကို မသာချသည့်အခါ ရှေ့ဆုံးက သယ်သွားသည်၊ ကစ်ပလင်၏ မန္တလေးသို့သွားရာလမ်း ကဗျာကိုဘင်ခရာနှင့် တီးရန် လိုက်ရှာရာ ရှာမတွေ့၍ မတီးလိုက်ရစသည့် အလွမ်းသယ်စရာများက ရှိခဲ့သည်မဟုတ်ပါလား။

 ဒိုင်ယာနာသည် မော်တော်ကားမှောက်၍ သေပီးနှစ်အတော်ကြာထိ တက်ဘလွိုက် ခေါ် ပြူးတူးပြဲတဲ စာစောင်များကို အနှစ် ၂ဝ ခန့် လုပ်ကျွေးသွားရှာသည်။

bw2
စစ်ပီးခေတ်တွင် လူပြောများသည့် ဘုရင်မညီမတော် မာဂရက်မင်းသမီးနှင့်ရန်ကုန်ပေါက်လေတပ်ဗိုလ် တခုလပ် ပီတာတောင်ဆင်တို့၏ မပြေလည် ခဲ့သည့် အချစ်ရေးကလည်း မြန်မာဆယ်ကျော်သက်ခေတ်ဆန် သည့်အသိုင်းအဝိုင်းကြားတွင် လက်ဖက်ရည်နှင့် မြည်းစရာဖြစ်ခဲ့သည်။ ထို့နောက် မြန်မာပြည်မကြာခဏ အလည်လာသည့် ဘုရင်မညီမဝမ်းကွဲ အလက်ဇန္ဒြရားမင်းသမီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့၏ ခင်မင်သော ဆက်ဆံမှုကလည်း စီးပွားရေး နိုင်ငံရေးဘာအကူးအသန်းရှိခဲ့သည်ကို ပြန်စဉ်းစားစရာဖြစ်ပါသည်။ တရုတ် အိန္ဒိယဘဏ်တွေကို အလကားဝင်သိမ်းခဲ့သော်လည်း ဘီအိုစီကို ပြည်သူပိုင်သိမ်းစဉ်ကလျော်ကြေးနင့် နေအောင် ပေးလိုက်ရသည်။ မြန်မာလိုဝတ်သော အလက်ဇန္ဒြရားကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ကတော် ဘိလပ်ပြန် ကေတီခင်မေသန်းက သရက်သီးနှင့် ထမင်းကျွေးဘူးသည်။

 သဒ္ဓါသဖြင့်ဖွဲ့သော လက်ဖွဲ့မျိုးကိုသာ မြင်တတ်ကြပါစေ၊ မင်္ဂလာအဝတ်တွင်လည်း ကလက်တက်တက် ခေတ်ပေါ် မြန်မာဝတ်စုံပျက်များကို ရှောင်ပြီး...

နောက်ပိုင်း ဗိုလ်ချုပ်ကြီး ဘိလပ်ကို မြင်းလောင်းဆေးစစ်လာလျှင် ဒေါ်ခင်မေသန်း ဟားရော့ကုန်တိုက်ကို စျေးဝယ်လာလျှင် နေစရာ ဝင်ဘယ်လ်ဒန်တွင် အိမ်တလုံးဝယ်ထားရသည်အထိ ဆက်ဆံရေးကခိုင်မာခဲ့ သည်။ မဟုတ်က ဟိုတယ်ခတွေ နင့်နေအောင် တိုင်းပြည်ပိုက်ဆံထဲက ကုန်လိမ့်မည်။ဗိုလ်ချုပ်ကြီးဆေး စစ်လာလျှင် ဆေးရုံဝန်ထမ်းများကို ဆုတော်လာဘ်တော် ကျောက်သံပတ္တမြားတွေ ပေးသနားသည်အထိ သဒ္ဓါတတ်ကြောင်း ကြားဘူးကြပေမည်။ လန်ဒန်သံရုံးအဖို့လည်း လူကြီးခရီးစဉ်ဘတ်ဂျက်ပြဿနာက တော်တော်ခေါင်းကိုက်ခဲ့ကြောင်း ဟံသာဝတီဦးဝင်းတင် အကအဖွဲ့နှင့် ဘိလပ်လာစဉ် ကြံုခဲ့ရသည်များကို လွတ်လပ်တဲ့အာရှအသံတွင် ပြောကြားချက်များတွင် နားဆင်နိုင်ပါသည်။ ယခု အရပ်သားဝန်ကြီးများကို ဥရောပသမဂ္ဂက ဗီဆာပေးမည်ဆို၍ ဆေးစစ်ခံအခွင့်ထူးများကို ဂဒီးဂဒီးလာသုံးကြအုံးမည်ကို လန်ဒန်၊ ပါရီသံရုံးများ ရင်ပူနေလောက်တော့မည်။

ထို့နောက် ဒိုင်ယာနာကေဟု မြန်မာလုံမငယ်တို့အကြား တခေတ်ဖြစ်ခဲ့သည်ကို လူထုဒေါ်အမာက“ရွှေမင်းသမီး လေး”ရောဂါဟု စာဖွဲ့ခဲ့ဘူးသည်။ အတည်မယူပဲ မြာပွေနေသည့် ဥပရာဇ်မင်းသားချားလ်စ်ကိုအရင်းရှင် သတင်း စာပညာနှင့် ဝိုင်းလှော်ပေးလိုက်ကြ၍ ယူဖြစ်သွားသည်ဟု ဒေါ်အမာကဆိုသည်။ ထို့နောက်ဒိုင်ယာနာ သည် မော်တော်ကားမှောက်၍ သေပီးနှစ်အတော်ကြာထိ တက်ဘလွိုက်ခေါ် ပြူးတူးပြဲတဲ စာစောင်များကို အနှစ် ၂ဝ ခန့်လုပ်ကျွေးသွားရှာသည်။

(၃)

စီးပွားရေးကျသည့်အထဲ စစ်စရိတ်ထောင်းနေသည့် ဗြိတိန်တွင် ပညာသင်စရိတ်ကျန်းမာရေးလူမှုရေး အထွေထွေ ထောက်ပံ့မှုများကို လူမုန်းခံဖြတ်တောက် အလုပ်ဖြုတ်နေသည့် လက်ရှိ တိုရီညွန့်ပေါင်းအစိုးရက ဝှဲချီးကျင်းပသည့် တော်ဝင်မင်္ဂလာပွဲမှ ခရီးသွားဝင်ငွေ မီဒီယာကြေး အမှတ်တရပစ္စည်းရောင်းခများဖြင့် စရိတ်ကျေပါစေ အမြတ်ထွက်ပါစေဟုသာ အခွန်ထမ်းတဦးအနေနှင့် ဆုတောင်းမိပါသည်။မြန်မာပြည်တွင် လည်း “ခရစ္စမတ်သစ်ပင်”တို့ သရဲကားမင်္ဂလာဆောင်၊ သဘင်သယ် ၂ယောက်၏စပွန်ဆာမင်္ဂလာဆောင် မျိုးထက် ပိုတင့်တယ်အောင် ဆောင်တတ်သည့် မင်္ဂလာဆောင်ကောင်းလေးတွေ ပေါ်ထွက်နိုင်ပါစေ၊သဒ္ဓါ သဖြင့်ဖွဲ့သော လက်ဖွဲ့မျိုးကိုသာ မြင်တတ်ကြပါစေ၊ မင်္ဂလာအဝတ်တွင်လည်း ကလက်တက်တက်ခေတ်ပေါ် မြန်မာဝတ်စုံပျက်များကို ရှောင်ပီး ဗြိတိသျှတော်ဝင်ပွဲတက်စုံများကဲ့သို့ ထုံးမီစံကျ အဆင့်အတန်းရှိရှိ ဝတ်တတ်စား တတ်ကြပါစေဟုသာ မျှော်လင့်မိပါသည်။

မြို့မငြိမ်း၏ မင်္ဂလာမောင်မယ်သီချင်း (မေရှင်ဆို)

Most read this week