“ကျနော်တို့ကို ဆည်တည်ဆောက်မယ့်နေရာ အနီး ဘယ်နေရာကိုမှ သွားခွင့်မပြုဘူး။တရုတ် လူမျိုးတချို့က စစ်သားတွေနဲ့အတူ ထူးထူး ဆန်းဆန်း ပစ္စည်းကိရိယာတွေနဲ့သွားလာ နေကြတယ်။ ဘာတွေ ဖြစ်နေမှန်း ကျနော်တို့ လည်း မသိရဘူး” လို့ ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာမှ ရွာသားတဦးက ပြောပါတယ်။
ကရင်နီပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာ အနီးရှိ သံလွင်မြစ်ပေါ်မှာ ဆည်တခု တည်ဆောက်ဖို့ တရုတ်အင်ဂျင်နီယာအဖွဲ့တွေက လက်နက်ကိုင် စစ်တပ်တွေနဲ့အတူ လှည့်လည်ပြီး ရေ၊ မြေ အနေအထား တို့ကို တိုင်းထွာမှုတွေ ပြုလုပ်နေတာကို မြင်တွေ့တဲ့ ရွာသစ်ကျေးရွာမှ ရွာသားတဦးက ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ (ကေဒီအာဂျီ)သို့ ပြောပြထားတာ ဖြစ်ပါတယ်။
ကရင်နီပြည်နယ်မှာ ဆည်အသစ် ၃ ခု တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားတွေ ထုတ်လုပ်ဖို့ မြန်မာစစ်အစိုးရက တရုတ်နိုင်ငံတောင်ပိုင်း အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီတခု ဖြစ်တဲ့ ဒါးတန်းကော်ပိုရေး ရှင်း (Datang Corporation)နဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဇန်နဝါရီလမှာ နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အခု ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက်နေ့က ကေဒီအာရ်ဂျီ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။
စစ်အစိုးရနဲ့ တရုတ်တို့ ပူးပေါင်းတည်ဆောက်မယ့် ဆည် ၃ ခုမှာ ဘောလခဲမြို့နယ်ရှိ ရွာသစ်ကျေးရွာအနီး ကျောက်ကျဉ်းလို့ ခေါ်တဲ့ သံလွင်မြစ်ပေါ်မှာ လျှပ်စစ်ဓါတ်အား ၆၀၀ မီဂါ၀ပ် ထုတ်လုပ်ပေးမယ့်ဆည်၊ ဘောလခဲမြို့နယ်ရှိ စောလိုဟောင်ခမ်းလို့ ခေါ်တဲ့ ပွန်ချောင်းမှာ လျှပ်စစ်ဓါတ်အား ၁၃၀ မီဂါ၀ပ် ထုတ်လုပ်ပေးမယ့်ဆည်နဲ့ လွိုင်ကော်မြို့နယ် မြောက်ပိုင်းရှိ သဖက်ချောင်းပေါ်မှာ လျှပ်စစ်ဓါတ်အား ၁၁၀ မီဂါ၀ပ် ထုတ်လုပ်ပေးမယ့်ဆည်တို့ ဖြစ်ပါတယ်။
အခုအချိန်မှာ တရုတ်အင်ဂျင်နီယာအဖွဲ့တွေဟာ စစ်အစိုးရနဲ့ သဘောတူ လက်မှတ်ရေးထိုးပြီး ကတည်းက သံလွင်မြစ်နဲ့ ပွန်ချောင်း ဆည်တို့ကို အရင် ဆောက်လုပ်ဖို့ ရေ၊ မြေ အနေအထားတို့ကို လုံခြုံရေးအတွက် စောင့်ကြပ်ပေးနေတဲ့ စစ်တပ်တွေနဲ့အတူ လှည့်လှည်ပြီး တိုင်းထွာမှုတွေ တိတ်တဆိတ်လာရောက်ပြုလုပ် လျက်ရှိတယ်လို့ ကေဒီအာရ်ဂျီ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဆည်တွေ တည်ဆောက်မယ့် နေရာတွေမှာလည်း တချို့ဆောက်လုပ်ရေး ပစ္စည်းတွေကို မြန်မာပြည် အလယ်ပိုင်းမှ သယ်ဆောင်လာပြီး ချထားပြီ ဖြစ်ကာ အခုလောလောဆယ် အဲဒီနေရာဒေသတွေမှာ နယ်ခြားစောင့်တပ်တွေက လုံခြံုရေး တာဝန်ယူထားပေးကြပါတယ်။
“ရေတာကာ ဆောက်မယ့် နေရာမှာပေါနော့် နယ်ခြားစောင့်တပ် အမှတ် ၁ဝဝ၅ က လုံခြံုရေးတာဝန်ယူထား တာ ကို တွေ့ရတယ်။ ဆောက်လုပ်မယ့် ပစ္စည်းတွေလည်း သူတို့ ယူလာတာ အဲဒီနယ်ခြားစောင့်တပ် တပ်စခန်းထဲမှာပဲ လာထားထားတယ်လေ။ ရေကာတာ ဆောက်မယ့် နေရာ အနီးအနားတွေမှာ သူတို့ ပေးမသွားဘူး။ တားမြစ်ထားတယ်” လို့ ကေဒီအာရ်ဂျီ အဖွဲ့မှ ကွင်းဆင်းလေ့လာနေတဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်အစိုးရနဲ့ တရုတ်တို့ တည်ဆောက်မယ့် သံလွင်မြစ်၊ ပွန်ချောင်းနဲ့ သဘက်ချောင်း ဆည်တွေကြောင့် ကရင်နီပြည်နယ်မှာ ကျေးရွာပေါင်း ၂၁၂ ရွာနဲ့ လူဦးရေ ၃၇၀၀၀ ကျော် အခက်အခဲနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ကေဒီအာရ်ဂျီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာ အနီးရှိ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် အကြီးစားရေအားလျှပ်စစ် လုပ်ငန်း ဆည်တခုဟာ မြစ်ညာမှာ အဲဒီဒေသကနေ ရှမ်းပြည်နယ်အထိ ရေးလွှမ်းမိုးခံရနိုင်မှာ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ကေဒီအာရ်ဂျီ ဒါရိုက်တာ တော်ရယ်ပိုးက “ရွာသစ်က ဆည်ကို ရေအမြင့် မီတာ ၁၂၀ ဆောက်မယ်လို့ သူတို့ ပြောတယ်။ အကယ်၍ အဲဒီဆည်ကို အဲလောက်ဆောက်မယ်ဆိုရင် ကျနော်တို့ တွက်ကြည့်တာ ရေက ရှမ်းပြည်နယ်အထိ ရောက်မယ်။ ဒါမဲ့ ရေအမြင့် မီတာ ၁၂၀ ဆောက်မယ် ပြောတာက သူတို့ ပြောတဲ့ စကားပဲ ကျနော်တို့ ကြားရသေးတယ်။ အတည်ပြုချက်တော့ မဟုတ်သေးဘူး” လို့ ပြောပါတယ်။
သံလွင်မြစ်နဲ့ ပွန်ချောင်းပေါ်မှာ တည်ဆောက်မယ့် ဆည်တွေကြောင့် အဲဒီမြစ်နဲ့ ချောင်းကမ်း တလျှောက် ဒေသတွေမှာ နေထိုင်နေကြတဲ့ ထောင်ဂဏန်းနဲ့သာ ကျန်ရှိတော့တဲ့ ကရင်နီမျိုးနွယ်စုဝင် ဖြစ်တဲ့ ယင်းတလဲ လူမျိုးတို့ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အထူးတလည် ခြိမ်းခြောက်နေတယ်လို့ ကေဒီအာဂျီ အစီရင်ခံစာက ဆိုပါတယ်။
တော်ရယ်ပိုးက “ယင်းတလဲ လူမျိုးတွေဟာ ဘောလခဲမြို့နယ် ပွန်ချောင်း နံဘေးရဲ့ တလျှောက်မှာပဲ နေကြတယ်လေ။ နောက်ပြီး သံလွင်မြစ် နံဘေးမှာပေါ့။ အခု ဆောက်မယ့် ဆည်တွေလည်း ယင်းတလဲတွေ နေတဲ့ ဒေသမှာ ဖြစ်နေတယ်။ ဆိုတော့ ဆည်တွေ ဆောက်ဖြစ်ရင် ယင်းတလဲ လူမျိုးတွေ နေလို့ မရတော့ဘူး။ စိုက်ပျိုးရေးတွေလည်း စိုက်လို့ မရတော့ဘူး။ အဲတော့ တခြားနေရာသို့ တယောက်တပေါက် သူတို့ပြောင်းရွှေ့ သွားကြမယ်။ နောက်ပြီး ယင်းတလဲ လူမျိုးတွေက ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေ ရောက်နိုင်တယ်” လို့ ဆက်ပြောပါတယ်။
ယင်းတလဲ လူမျိုးတွေဟာ တောင်ယာ၊ လယ်ယာ လုပ်ငန်းတွေ လုပ်ကိုင်စားသောက်ခြင်းဖြင့်အသက်မွေးကြ ပါတယ်။ သံလွင်မြစ်နဲ့ ပွန်ချောင်းကမ်း တလျှောက် ကမ်းပါးမှာလည်း ဥယျဉ်ခြံ စိုက်ပျိုးရေးတွေဖြင့် အသက်မွေးကြပြီး ပုံမှန်အားဖြင့် အာလူးနဲ့ နှမ်းတို့ကို စိုက်ပျိုးကြပါတယ်။
စစ်အစိုးရနဲ့ တရုတ်တို့ဟာ သံလွင်မြစ်နဲ့ ပွန်ချောင်း ဆည်တွေကို တည်ဆောက်ဖြစ်မယ်ဆိုရင် ယင်းတလဲ လူမျိုးတို့အတွက် နေထိုင်ဖို့ လုပ်ကိုင်စားသောက်ဖို့ နေရာဒေသတွေ ရှိတော့မှာ မဟုတ်သောကြောင့် အနာဂါတ်မှာ ယင်းတလဲ လူမျိုးတွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်စရာ ဖြစ်တယ်လို့ ယင်းတလဲ အမျိုးသမီး စမိန်းက ပြောပါတယ်။
“ကျမတို့ ယင်းတလဲ လူမျိုးတွေအတွက် ဆိုးကျိုတွေ အများကြီးတော့ ရှိတယ်ပေါ့နော့်။ နောင်တချိန်မှာ ကျမတို့အတွက် အရမ်းကို စိုးရိမ်စရာ ကောင်းတဲ့ အနာဂါတ် တခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မှာ ဘာသာစကားလည်း မရှိဘူးပေါ့နော်။ ကျမတို့ လူတွေ တကွဲတပြားဆီ ဖြစ်ကြမယ်ဆိုရင် ကျမတို့ လူတွေ ပျောက်သွားရုံသာမက ကျမတို့ ဘာသာစကားကိုပါ ပျောက်သွားနိုင်တယ်”
အခု တည်ဆောက်မယ့် ဆည်တွေကြောင့် ဆည်ပတ်ဝန်းကျင်မှာ သဘာဝပတ်ဝန်းကျင်များဆိုင်ရာ အဖိုးတန် သစ်တောတွေ၊ စားကျက်မြေတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေ နေထိုင်ရာ ဒေသတွေကို ထိခိုက်ဆုံးရှုံးစေပြီး ရေလွှမ်းမိုးခံရမှာဖြစ်ပြီး ရေနေ ဇီဝသတ္တဝါမျိုးစုံတို့ကိုလည်း ပျောက်ကွယ်သွားမှာ ဖြစ်တယ်လို့ ကေဒီအာရ်ဂျီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် ဆည်တည်ဆောက်ခြင်းကြောင့် ကရင်နီပြည်တွင်းရှိ ရေလမ်းတွေ ပိတ်ဆို့စေမှာဖြစ်ကြောင်း၊ ပြည်သူတွေက စစ်အစိုးရတပ်တွေရဲ့ တင်းကျပ်ထိန်းချုပ်မှုတွေကိုလည်း ပိုမိုကြံုတွေ့နိုင်ဖွယ်ရှိကြောင်း၊ ပြည်တွင်းစစ်ကြောင့် အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေအဖို့ အခြေပျက်စရာ အခြေအနေနဲ့ ထပ်မံ ကြံုတွေ့ရအုံးမှာဖြစ်ကြောင်း ဆိုပါတယ်။
ကရင်နီပြည်နယ်မှာ ဂျပန်နိုင်ငံရဲ့ ODA အကူအညီဖြင့် စစ်အစိုးရမှ လွိုင်ကော်မြို့နယ်ရှိ ရေးအားလျှပ်စစ် စက်ရုံတွေ ဖြစ်တဲ့ လောပိတ အမှတ် ၁ နဲ့ အမှတ် ၂ စက်ရုံတို့ကို တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ လျှပ်စစ်ဓါအား ၁၆၈ မီဂါ၀ပ် ထုတ်လုပ်ပေးတဲ့ လောပိတ အမှတ် ၂ စက်ရုံကို လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ လျှပ်စစ်ဓါအား ၂၈ မီဂါ၀ပ် ထုတ်လုပ်ပေးတဲ့ လောပိတ အမှတ် ၁ စက်ရုံကိုတော့ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ပြီးစီးသွားခဲ့ပါတယ်။
အဲဒီရေအားလျှပ်စစ် စက်ရုံတွေ တည်ဆောက်မှုကြောင့် ဒေသခံပြည်သူပေါင်း ၁၂၀၀၀ ကျော်နဲ့ ကျေးရွာ အများအပြားဟာ တခြားနေရာသို့ အခြေပျက် ပြောင်းရွှေ့ခံရပါတယ်။ ဒါပေမယ့် လောပိတ ရေအားလျှပ်စစ် စက်ရုံများမှ ထုတ်လုပ်ပေးသော လျှပ်စစ်ဓါတ်အား အများစုကို မြန်မာပြည် အထက်ပိုင်းနှင့် အောက်ပိုင်းသို့ မဟာဓါတ်အားလိုင်းကြီးများဖြင့် အဓိက သွယ်တန်းပို့ဆောင်သွားပြီး ကရင်နီပြည်နယ်မှာ အခုအချိန်ထိ လျှပ်စစ်မီး သုံးစွဲခွင့် မရှိသေးတဲ့ ဒေသခံပြည်သူတွေဟာ ၈၀ ရာခိုင်နှုန်း ရှိနေတယ်လို့ ကေဒီအာရ်ဂျီ အစီရင်ခံစာက ဆိုပါတယ်။
အခု စစ်အစိုးရနဲ့ တရုတ်တို့ အသစ် ထပ်မံ ဆောက်လုပ်မယ့် ဆည်တွေမှ ထွက်ရှိမယ့် ရေးအားလျှပ်စစ် ဓါတ်အားတွေကို ဘယ်နေရာသို့ ပို့ဆောင်သွားမှာကို အတိအကျ မသိရှိရသေးကြောင်း၊ မြန်မာနိုင်ငံရှိ တခြားဆည် တည်ဆောက်ရေး လုပ်ငန်းတွေရဲ့ အစဉ်အလာအရ ထိုင်းနိုင်ငံ သို့မဟုတ် တရုတ်နိုင်ငံသို့ စွမ်းအင်တွေကို ရောင်းချဖွယ်ရှိကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
စစ်အစိုးရက ကရင်နီပြည်နယ်မှာ ဆည်တွေ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားတွေ ထုတ်လုပ်ဖို့လုပ်ဆောင် နေပေမယ့် ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားတွေက ဒေသခံကရင်နီပြည်သူတွေအတွက် အကျိုးအမြတ် ရှိစေမှာ မဟုတ်ကြောင်း ကေဒီအာရ်ဂျီ ဒါရိုက်တာ တော်ရယ်ပိုုးက သုံးသပ်ပြောဆိုပါတယ်။
သူက “လောပိတရေအားလျှပ်စစ် စက်ရုံ တည်ဆောက်တုန်းက ကျနော်တို့ အတွေ့အကြံု ရှိခဲ့ပြီးပြီ။ ရေမြုပ်ခံရတဲ့ ကျေးရွာတွေက အဲလိုပဲ အကုန်လုံး ထွက်ပြေးကြရတယ်။ လျော်ကြေး ဘာမှ မရဘူး။ ရရှိတဲ့ လျှပ်စစ်မီးတွေလည်း ကရင်နီပြည်မှာ ပေးမသုံးပဲ အများအားဖြင့် မြန်မာပြည် အထက်ပိုင်းကို ပို့သွားတယ်။ နောက်ပြီး စက်ရုံ လုံခြံုရေးအတွက် သူတို့ တပ်အင်းအာတွေ ထပ်တိုးချဲ့ချထားတယ်။ ဓါတ်မီးတိုင်လုံခြံုရေး အတွက် အောက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်။ ပြည်သူတွေလည်း ဓါတ်မီးတိုင်လုံခြံုရေး အတွက် ဂိတ်သွားစောင့်ရတယ်။ အခု ဆောက်မယ့်ဟာလည်း အရင်အတိုင်းပဲ ဖြစ်မှာပဲ” လို့ ပြောပါတယ်။



