အုန်းဖျန်စခန်း သင်္ကြန်တွင်း အလှမယ် ရွေးပွဲကျင်းပခဲ့

အုန်းဖျန်စခန်း သင်္ကြန်တွင်း အလှမယ် ရွေးပွဲကျင်းပခဲ့
by -
စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ဒုက္ခသည်လှပျိုဖြူ များ၏ သင်္ကြန်အလှမယ်ရွေးပွဲ တခုကို အတာ သင်္ကြန် နှစ်ဆန်းတရက်နေ့ဖြစ်သည့် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

DSCF2730-32၎င်းသင်္ကြန်အလှမယ်ရွေးပွဲတွင် ကရင်၊ မွန်၊ ဗမာနှင့် ရခိုင် လူငယ်အမျိုးသမီး ၁၇ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ရာ နော်ထရေစီက (ပထမ)၊ နော်ဆဲထီဖောက (ဒုတိယ)နှင့် မလဝန်းရွှေရီက (တတိယ)ဆုများကို အသီးသီး ဆွတ်ခူးရရှိခဲ့သည်ဟု အုန်းဖျန် စခန်း လူမှုရေးတာဝန်ခံ စောထူးကလယ်က ပြောသည်။

မယ်ရွေးပွဲတွင် ပထမဆုဆွတ်ခူးရရှိသွားသူ နော်ထရေစီ ၂၂နှစ်က “ကျမဘဝမှာ ဒီလို မယ်ရွေးပွဲတွင် ၀င်ပြိုင်တာ ၃ကြိမ် လောက်ရှိပြီဆိုပေမဲ့ မမျှော်လင့်ဘဲ အခုတကြိမ်မှာ ပထမဆုရသွားတဲ့အတွက် ကျမ ငိုလုမတတ် ပျော်မိပါတယ်။ နောက် ကျမ နဲ့အတူ ၀င်ရောက်ယှဉ်ပြိုင်တဲ့ သူငယ်ချင်းအားလုံး တဦးနဲ့တဦး အပြန်အလှန် လေးစားမှုနဲ့ နှစ်သိမ့်အားပေး တာကိုကြည့်ရင် ကျမတို့လူငယ်တွေအတွက် အားတခုပါပဲ။”ဟု ကေအိုင်စီကို ပြောသည်။

ယင်းသင်္ကြန်အလှမယ်ရွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ စောထူးကလယ်က “ကျနော်တို့ဟာ ဒုက္ခသည် စခန်းတွင်းမှာ နေ တယ်ဆိုပေမဲ့ စခန်းထဲက မျိုးဆက်သစ်လူငယ်လေးတွေဟာ သူတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို လေ့လာစူးစမ်းဖို့၊ ပြင်ပဗဟုသုတတွေရရှိဖို့နဲ့ စခန်းတွင်းမှာရှိတဲ့ ကရင်နဲ့ အခြား တိုင်းရင်းသားတွေ လူမှုဆက်ဆံရေးဘက်မှာ တဦးနဲ့တဦး အပြန် အလှန် အကျိုးကျေးဇူးတွေ ရရှိဖို့ရည်ရွယ်ပြီး ဒီပွဲကိုလုပ်တာပါ။”ဟု ရှင်းပြသည်။

DSCF8870-2

ဧပြီလ ၁၃မှ ၁၇ရက်နေ့အထိ အတာသင်္ကြန်ကာလအတွင်း အုန်းဖျန်ဒုက္ခသည်စခန်းတွင် အဆိုပါမယ်ရွေးပွဲနှင့် အတူ သင်္ကြန် အကဖျော်ဖြေပွဲများ၊ အသက် ရ၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုပူဇော်ပွဲ ပြုလုပ်ခဲ့ကြပြီး စခန်းအတွင်းရှိ လူထုပရိဿတ် ၂ထောင်ဝန်းကျင် တက်ရောက်အားပေးခဲ့ကြသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဒုက္ခသည်စခန်းတွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ၁၁ကြိမ် ကျင်းပလာခဲ့သော် လည်း သင်္ကြန်အလှမယ်ရွေးပွဲကိုမူ ယခုနှစ်မှသာ ပထမဦးဆုံး ကျင်းပခဲ့ပြီးလာမည့်နှစ်များ လည်း အလားတူ ထပ်မံပြုလုပ် ဖွယ်ရှိကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

အလားတူ မယ်လနှင့် နို့ဖိုးဒုက္ခသည်စခန်းများ၌လည်း သင်္ကြန်ပွဲတော်ကို သက်ဆိုင်ရာ စခန်းတာဝန်ရှိသူများက ကျင်းပပြု လုပ်ခဲ့ကြကြောင်း သိရသည်။

Most read this week