အမေရိကန်နှင့် ဖင်လန်နိုင်ငံတွင် ကရင်နီ ကေးထျိုးဘိုးပွဲများ ကျင်းပ

အမေရိကန်နှင့် ဖင်လန်နိုင်ငံတွင် ကရင်နီ ကေးထျိုးဘိုးပွဲများ ကျင်းပ
by -
လီယို

အမေရိကန်နိုင်ငံနှင့် ဖင်လန်နိုင်ငံများသို့ ဒုက္ခသည် အဖြစ်ရောက်ရှိ သွားခဲ့ကြသော ကရင်နီများက ကေးထျိုးဘိုးခေါ် တံခွန်တိုင်ပွဲများ ကျင်းပကြ သည်ဟု သိရသည်။

ယခုဧပြီလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ မင်နီဇိုးဒါးပြည်နယ် စိန်ပေါလ်မြို့တွင်ကျင်းပခြင်းဖြစ်ပြီး အမေရိကန်ပြည်နယ် အသီးသီးမှ ကရင်နီလူမျိုးများ၊ ကရင်လူမျိုးများ၊ တခြားတိုင်းရင်းသားများ၊ အမေရိကန်နိုင်ငံသားများနှင့်အတူ စုစုပေါင်းလူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အမေရိကန်နိုင်ငံတွင် ကေးထျိုးဘိုးကျင်းပနိုင်ရန် တစ်ဖက်တစ်လမ်းမှ ဦးဆောင်ပါ၀င်ခဲ့သူ ဖရေရယ်ထွန်းက ယခုလိုရှင်းပြသည်။

“ပထမတစ်ချက်က ပြည်ပရောက်နေပေမဲ့ ကိုယ့်ယဉ်ကျေးမှုကို မမေ့စေဖို့ဖြစ်တယ်ပြီးတော့နိုင်ငံခြားသား အများစုက ကရင်နီလူမျိုးနဲ့ ကရင်လူမျိုးကို ခွဲခြားမသိသေးဘူး။ ဒီပွဲတော်ကို ပြုလုပ်ခြင်းအားဖြင့်သူတို့ပို နားလည်လာတယ်။ ဒုတိယတစ်ချက်က ဒီမှာရောက်လာတဲ့ ကရင်နီအမျိုးသားလူတွေတော်တော်များများ ကဆိုရင် အလုပ်နဲ့ပဲ အချိန်ကုန်တယ်လေ၊ ကိုယ့်မိသားစုနဲ့တောင် တစ်ပတ်မှတစ်ခါတစ်ခါတစ်လေနှစ် ပတ်သုံးပတ်ကြာမှ ပြန်တွေ့ရတာလေ။ စခန်းထဲမှာဆို စုပေါင်းပြီး သောက်ပွဲစားပွဲတွေလုပ်ကြတာတော်တော် ခေတ်စားတယ် ဒီမှာကျတော့ အဲလိုမျိုးအချိန်မပေးနိုင်ဘူးလေ အခုကျတော့ နယ်ဝေးမှာရှိတဲ့ ဆွေမျိုးသားချင်း တွေ သူငယ်ချင်းတွေနဲ့ မျက်နှာစုံညီပြန်တွေ့ရတာပေါ့။”
ktbus

ဆက်လက်ပြီးလူငယ်တစ်ဦးလည်းဖြစ်သည့် ဖရေရယ်ထွန်းက “နောက်ဆုံးချက်ကတော့ အဲဒီလိုမျိုးလူတွေ ပြန်လာတဲ့အခါကျတော့ ကိုယ့်ရဲ့အသိုင်းအဝိုင်း ကိုယ့်ရဲ့ဒေသ ကိုယ်မွေးတဲ့ နေရာပြန်ရောက်သွားသလိုမျိုး ခံစားရအောင်ပါ ကိုယ်ဘယ်ရောက်နေလဲ ကိုယ်မွေးရပ်မြေနဲ့ ဝေးနေရင်တောင် ကိုယ့်ယဉ်ကျေးမှုကိုမမေ့အောင် သူများနိုင်ငံမှာ ရောက်နေတယ်ဆိုတော့ သူများယဉ်ကျေးမှုတွေ လွှမ်းမိုးမသွားအောင်နောက်ပြီးမျိုးဆက်သစ် တွေကို လက်ဆင့်ကမ်းနိုင်အောင်ပါ။”

ကရင်နီရိုးရာ ကေးထျိုးဘိုးပွဲတော်သည် အစဉ်အလာအရ တစ်နှစ်တစ်ကြိမ် ကျင်းပရပြီး ပွွဲတော်ရက်ကိုဧပြီလ တစ်လအတွင်း နေ့ကောင်းရက်သားရွေးပြီး ကျင်းပရသည်။ ယခုအမေရိကန်နိုင်ငံတွင် ကျင်းပသောပွဲသည် နှစ်ကြိမ်မြောက်ဖြစ်ပြီး အမေရိကန်အာဏာပိုင်များမှ ယဉ်ကျေးမှုုခြင်းကွဲပြားသော်လည်း လွတ်လပ်စွာကျင်းပ ခွင့်ပြုသည်။

ဖင်လန်နိုင်ငံတွင်မူ ဧပြီလ ၁၆ ရက်နေ့က မြန်မာသင်္ကြန်ပွဲနှင့် အတူပူးတွဲပြီး ကေးထျိုးဘိုးပွဲတော်ကိုကျင်းပခဲ့ ကြသည်။

“ကျနော်တို့ ဒီမှာက ကေးထျိုးဘိုးတိုင်ခုတ်ဖို့ အခက်အခဲရှိတယ်လေ ဒါပေမယ့် ထိုင်း-မြန်မာနယ်စပ်ကနေ ယူလာတဲ့ကေးထျိုးဘိုး အငယ်စားလေးနဲ့ပဲ ပွဲဖြစ်မြောက်အောင်ကျင်းပတာ ဒီနှစ်နဲ့ဆို ၂ နှစ်ရှိပြီ” ဟုဖင်လန်ေ ရာက် ကရင်နီလူငယ်တစ်ဦးဖြစ်သည့် ခူးဆော်ရယ်က ပြောသည်။

ယခု ၂၀၁၁ ခုနှစ် ကရင်နီတပြည်လုံး အတိုင်းအတာဆောင်သည့် စုပေါင်းကေးထျိုးဘိုးပွဲတော်ကိုရှားတော မြို့နယ်တွင် ကျင်းပကြပြီး ထိုင်း-မြန်မာနယ်စပ်သို့ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိနေကြသောကရင်နီ အမျိုးသားများလည်း ကျင်းပကြသည်။

ကရင်နီရိုးရာ ကေးထျိုးဘိုးပွဲတော်ကို ကရင်နီမျိုးနွယ်စုထဲမှ ကယားနှင့်ကယန်းမျိုးနွယ်စု နှစ်ခုတည်းသာ အစဉ်အလာအရ ကျင်းပကြသည်။

Most read this week