ကရင်နီပြည်နယ်တွင် စစ်ထဲဝင်ရန် လူငယ်စာရင်းများ ကောက်ယူ

ကရင်နီပြည်နယ်တွင် စစ်ထဲဝင်ရန် လူငယ်စာရင်းများ ကောက်ယူ
by -
အောလို

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာ အချို့တွင် စစ်အစိုးရတပ်မှ အသက်ပြည့်သော လူငယ်များအား စစ်ထဲဝင်ရန် နာမည်စာရင်းများ လိုက်လံကောက်ယူနေကြောင်း ဒေသခံလူငယ်တို့၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀၊ ၃၁ ရက်နေ့က ဖရူဆိုမြို့နယ် အခြေစိုက် ခမရ ၄၂၈မှ ခိုးတမောကျေးရွာ၊ လောခူးခူနှင့် လောပလျားလဲ ကျေးရွာတို့တွင် အသက် ၁၈ နှစ်ပြည့်သူ လူငယ်များ၏ နာမည်စာရင်းကို လိုက်လံကောက်နေကြောင်း ကောက်ယူသည့် စာရွက်ပေါ်၌ လက်မှတ်ထိုးခဲ့ရသူ လူငယ်တဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် စစ်အစိုးရ အာဏာပိုင်များက လွိုင်ကော်မြို့မြောက်ပိုင်းရှိ နွားလဝိုးကျေးရွာအုပ်စုတွင် အသက်ပြည့်သော လူငယ်များ၏ နာမည်စာရင်းများကို ကောက်ယူခဲ့ကြောင်း လွိုင်ကော်မြို့မှ အမျိုးသမီးလူငယ်တဦးက ပြောသည်။

သူမက “နွားလဝိုးဖက်မှာ သွားကောက်တယ်လို့ ပြောကြတယ်။ တအိမ်မှာ လူငယ် ဘယ်နှစ်ယောက်ရှိလဲ။ နှစ်ယောက်သုံးယောက် ရှိရင် ၀င်ရမယ် အဲလိုပေါ့။ သူတို့ စာရင်းတွေ သွားကောက်ပြီး နောက်ကျရင် စစ်တပ်ထဲ ခေါ်ဝင်မယ် အဲလိုပေါ့” ဟု ပြောသည်။
a_village_milldle
ယခု စစ်အစိုးရတပ်တို့ ကောက်ယူနေသော လူငယ်စာရင်းများ၏ ကျေးရွာများသည် မြို့နှင့် အလှမ်းဝေးသည့် နေရာများ ဖြစ်ပြီး မြို့ပေါ်၌ လူငယ်စာရင်း ကောက်ယူခြင်း မရှိသေးကြောင်း ဆိုသည်။

ကရင်နီပြည်နယ်တွင် စစ်ရေးလေ့ကျင့်ကွင်း ၂ ခု တည်ဆောက်ရန် ပြီးခဲ့သည့် ဇန်နဝါရီလတွင် စစ်အစိုးရတပ် ခမရ ၅၇၆ က ဖရူဆိုမြို့နယ် ဒေါလောခူ၊ လောဂျာနှင့် မာခရိုရှေး ကျေးရွာ အနီးတဝိုက်တွင် နေရာ တိုင်းတာသတ်မှတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် မည့်သည့် အချိန်၌ စတင်တည်ဆောက်မည်ကို အတိအကျ မသိရှိရသေးပေ။

စစ်အစိုးရက ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းကို ထုတ်ပြန်ကြောင်း ပြင်ပသို့ ပေါက်ကြားလာသည့် ပြန်တမ်း မိတ္တူများအရ သိရှိရသည်။

စစ်မှုမထမ်းမနေရ ဥပဒေအား တရားဝင် ပြဋ္ဌာန်းရန် လွတ်တော်မှ တရားဝင် အတည်ပြုချက် အမိန့်ထုတ်ပြန်မှု မရှိသေးသော်လည်း ကရင်နီပြည်နယ် ကျေးလက်ဒေသအချို့တွင် စစ်ထဲဝင်ရန် အမည်စာရင်းများ လိုက်လံကောက်ယူနေပါသည်။

Most read this week