ကရင်နီ မျိုးနွယ်စုများ၏ နှစ်သစ်ကူးနေ့ကို ပြည်တွင်း ကရင်နီ အများစု မသိကြ

ကရင်နီ မျိုးနွယ်စုများ၏ နှစ်သစ်ကူးနေ့ကို ပြည်တွင်း ကရင်နီ အများစု မသိကြ
by -
ကန္တာရဝတီတိုင်း(မ်)

ယနေ့ ကျရောက်သည့် ကရင်နီ မျိုးနွယ်စုဝင်များ အားလုံးနှင့်သက်ဆိုင်သောကရင်နီနှစ်သစ်ကူး နေ့ ကို ကရင်နီပြည်နယ်တွင်းရှိ ပြည်သူများ အများစုက မသိဘဲ ဖြစ်နေကြသည်။

“ကျနော်တို့ လူမျိုးတွေမှာ နှစ်သစ်ကူးနေ့ ရှိမှန်း မသိဘူး။ ပြောဆိုသံ တွေလည်း မကြားဖူးဘူး” ဟု ကရင်နီပြည်နယ် လွိုင်ကော်မြို့မှ အသက် သုံးဆယ် အရွယ် အမျိုးသား ဖြစ်သည့် ဘော်ရယ်က ပြောသည်။

ကရင်နီ ပြက္ခဒိန် အားဖြင့် တန်းခူးလဆန်း တစ်ရက်နေ့သည် ကရင်နီ မျိုးနွယ်စုများ၏ နှစ်သစ်ကူး အချိန်အခါ ဖြစ်ပြီး ယခုအခါ ကရင်နီ နှစ်ဖြင့်ဆိုလျှင် ၂၇၅၀ ခုနှစ် ရှိပြီဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် Karenni Religion Culture and Development Committee (KRCDC) မှ ဒါရိုက်တာ ဦးတော်ရယ်က ပြောသည်။
ethnics

“ပြည်တွင်းမှာက  နအဖ ခေတ်က သတ်မှတ်ထားတဲ့ နေ့ထူးနေ့မြတ်တွေကိုပဲ ပွဲလမ်းသဘင်တွေ ကျင်းပလေ့ရှိတယ်။ ဒီဘက်က ကရင်နီ လူမှုအဖွဲ့အစည်းတွေ သတ်မှတ်ထားတဲ့ ရက်တွေက နအဖအစိုးရနဲ့ မတူဘူး။ နအဖ ခွင့်ပြုတာ မပြုတာတော့ မသိဘူး။ ပြည်တွင်းဘက်က လူတွေက မကျင်းပရဲကြဘူး။ ပြည်တွင်းမှာက ပွဲတွေ လုပ်တဲ့  အစဉ်အလာ မရှိတော့ မလုပ်ဘူးပေါ့။ စာပေယဉ်ကျေးမှုတွေထဲမှာလည်း ရေးထားတာ မရှိဘူး။ သင်ကြားထားတာတွေလည်း မရှိပါဘူး” ဟု ဦးတော်ရယ်က ဆိုသည်။

နှစ်သစ်ကူးနေ့သည် ဘိုးဘွားစဉ်လာအရ သတ်မှတ်ခဲ့သော နေ့တစ်နေ့ ဖြစ်သောကြောင့် ကရင်နီ တော်လှန်းရေး အဖွဲ့အစည်း ခေါင်းဆောင်များက ဦးဆောင်ပြီး စဉ်လာမပျက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင် တဖက်ခြမ်းရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) တွင် ကရင်နီ မျိုးနွယ်စု အားလုံးက ကရင်နီ အမျိုးသားတစ်ရပ်လုံး နှစ်သစ်ကူး အထိမ်းအမှတ်ကို ကြိုဆိုသော အနေဖြင့် ဧပြီလ ၃ ရက်နေ့ ညအချိန်၌ ၀တ်ပြုဆုတောင်းပွဲကို ကျင်းပခဲ့ကြသည်။

၀တ်ပြုဆုတောင်းပွဲကို သွားရောက်ခဲ့သော ဆရာကြီး ခူးဦးရယ်က “နှစ်သစ်ကူးတော့မယ် ဆိုပြီးတော့ လာမည့် နှစ်မှာ တိုင်းသူပြည်သားအားလုံး ငြိမ်းချမ်းဖို့ ဆုတောင်းပေးတာပေါ့။ ဘာသာပေါင်းစုံ ဆုတောင်းကြပါတယ်” ဟု ပြောသည်။

နှစ်သစ်ကူး ဆုတောင်းဝပ်ပြုသည့် ပွဲတော်သို့ ရိုးရာယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီလူမှုအဖွဲ့ အစည်းများမှ ခေါင်းဆောင်များ၊ နှစ်ခြင်း အသင်းတော်မှ ဘာဘာရေးခေါင်းဆောင်များ၊ ကက်သလစ်ဘာသာမှ ဘာသာရေးခေါင်းဆောင်များ၊ ဒုက္ခသည်စခန်းအတွင်းမှ ကရင်နီ မျိုးနွယ်စုများ အားလုံးလာရောက်ဆုတောင်း ခဲ့ကြပါသည်။

Most read this week