“သူတို့ ဆောက်ပေးတာကို မမျှော်နဲ့။ သူတို့ကို အားကိုးရင် ဘာထူးလာမလဲ။ အဲဒီအစိုးရကို သွားအားကိုးလို့ ဘာဖြစ်လာမလဲ။ အိ်တ်ကပ်ထဲ အကုန်ရောက်သွားမှာပေါ့။ လုပ်စားဖို့ လောက်ပဲရမှာပေါ့” ဟု ကရင်နီတပ်မတော်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချူပ် အောင်မြတ်က ပြောသည်။
ကရင်နီပြည်နယ်နှင့် ထိုင်းနိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေးလမ်း ဖြစ်သည့် အောင်ပန်း-လွိုင်ကော်-မယ်စဲ့ လမ်းကြောင်းပေါ်တွင် ဖာဆောင်းမြို့နယ် အတွင်း၌ သံလွင်မြစ်ကူး တံတား တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့်က ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
ဖာဆောင်းမြို့နယ်တွင် တံတားမရှိသဖြင့် ထိုင်းနယ်စပ်မှ တင်သွင်းလာသော ကုန်စည်များကို သယ်ယူပို့ဆောင်ရာ၌ အကျယ် ပေ ၁၈၀၀ ခန့် ရှိသည့် သံလွင်မြစ်ကိုစက်လှေကြီးများမှတဆင့် ဖြတ်ကူးနေရသည်။
ထိုကဲ့သို့ ဖြတ်ကူးရာတွင် ခက်ခက်ခဲခဲ သယ်ဆောင်ကြရကြောင်း၊ အချိန်နှောင့်နှေးကြန့်ကြာကြောင်း၊ အန္တာရယ်လည်း များကြောင်း ထိုင်းနယ်စပ်ဘက်မှ ကုန်သည် တစ်ဦးက ပြောသည်။
“ဆက်သွယ်ရေးက ခက်ခဲတော့ ဒီလမ်းက လွယ်လွယ်ကူကူနဲ့ လူတိုင်း မသွားနိုင်ဘူး။ စက်လှေဖိုးက စျေးကြီးနေလို့။ နောက်စက်လှေက လူပြည့်တဲ့ အခါမှ ထွက်တာ အကြာကြီး စောင့်ရတယ်။ ရေစီးသန်တဲ့ အချိန်ဆို ကုန်တွေ များများမတင်ရဲဘူး။ စက်လှေတွေ စိတ်မချရဘူး” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ၏ မြောက်မှ တောင်သို့ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းသည့် သံလွင်မြစ်ပေါ်တွင် ရှမ်းပြည်နယ်၌ ပေ ၆၀၀ အထက်ရှိ တံတား ၅ စင်း၊ ကရင်ပြည်နယ် ၌ ပေ ၂၂၀၀ ကျော် အရှည် ရှိသည့် ဘားအံတံတားနှင့် မွန်ပြည်နယ်၌ ပေ ၁၀၀၀၀ ကျော် အရှည် ရှိသည့် မော်လမြိုင်တံတားကြီးများကို တည်ဆောက်ထားသည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်သည့် အစိုးရသစ်တွင် ဦးခင်မောင်မြင့်ကပင် ဆောက်လုပ်ရေး ၀န်ကြီးအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်မည်ဟု မြန်မာ့အသံမှ ကြေငြာသွားသည်။



