ကရင်နီပြည်နယ် လွိုင်ကော်မြို့ ရွှေတောင်ရပ်ကွက်၌ ယခုလ ၂၇ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ်တလုံးနှင့် ဆိုင်ခန်းအချို့ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း လွိုင်ကော်မြို့မှ ဒေသခံများက ပြောသည်။ ...
ကရင်နီပြည်နယ် လွိုင်ကော်မြို့ ရွှေတောင်ရပ်ကွက်၌ ယခုလ ၂၇ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ်တလုံးနှင့် ဆိုင်ခန်းအချို့ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း လွိုင်ကော်မြို့မှ ဒေသခံများက ပြောသည်။
၎င်းမီးလောင်မှုသည် ရပ်ကွက်အတွင်းရှိ နေအိမ်တအိမ်၏ မီးဖိုချောင်မှ မတော်တဆ စတင်လောင်ကျွမ်းခဲ့ပြီး အိမ်နှင့်တွဲလျက် ဆိုင်ဖွင့်ထားသော ဖိနပ်ဆိုင်နှင့် ဓါတ်ဆီဆိုင်ခန်းအချို့ကိုပါ မီးကူးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု လွိုင်ကော်မြို့သူ တဦးက ပြောသည်။
“မီးလောင်တာ ဆိုင်ပြောင်သွားတယ်။ အကုန်လုံးပဲ လောင်သွားတယ်။ မီးရှိန်က တအားပြင်းတယ်။ လေတအားတိုက်တော့လေ။ တစ်အိမ်လုံး ကုန်တယ်” ဟု သူမက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် မီးသတ်ဌာနမှ မီးသတ်ကားများသည် မီးလောင်သည့် နေရာသို့ အချိန်မှီ ရောက်လာခြင်း မရှိသည့်အတွက် ရပ်ကွက်အတွင်းနေ အိမ်နီးနားချင်းများဖြင့် မီးငြိမ်းသတ်ကူးပေးခဲ့ရကြောင်း လွိုင်ကော်မြို့မှ ဒေသခံတဦးက ပြောသည်။
သူက “ဘေးအိမ်ကို မကူးအောင် လူတွေ အားလုံး ၀ိုင်းငြိမ်းကူတယ်လေ။ အချိန်မှိီ မီးငြိမ်းနိုင်ခဲ့တာပေါ့” ဟု ပြောသည်။
ထိုမီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်ငွေ ၅၀ ခန့် ရှိသည်ဟု မြို့ခံများက ခန့်မှန်းသည်။ မီးစတင်လောင်ကျွမ်းသည့် အိမ်၊ဆိုင်ပိုင်ရှင်ကို အာဏာပိုင်များက လာရောက်ဖမ်းဆီးသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။
လွိုင်ကော်မြို့တွင် ယခင်နှစ် နွေရာသီက ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုမှာ ယခုထက် ၅ ဆခန့် ပိုမိုကြီးမားခဲ့သည်။ ထိုစဉ်ကလည်း မီးသတ်ကားများ အနေဖြင့် အချိန်မှီ လာရောက်မီးငြိမ်းသတ်ခြင်း မရှိသည့်အတွက် ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။



