ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ နှင့် BGF ၉ ဦး ထိခိုက်သေဆုံး

ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ နှင့် BGF ၉ ဦး ထိခိုက်သေဆုံး
by -
စောခါးစူးညား

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) မော်ဖိုး ကလိုးရှိ KNLA လှုပ်ရှားတပ်ဖွဲ့သည် နအဖနှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ ...

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) မော်ဖိုး ကလိုးရှိ KNLA လှုပ်ရှားတပ်ဖွဲ့သည် နအဖနှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ကို ယမန်နေ့က ပြောက်ကျားတိုက်စစ် ဖြင့် လျှပ်တပြက် ၀င်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် ၉ ဦး ထိခိုက်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ကရင်အမျိုးသားလွတ်ရေးတပ်မတော်(KNLA)တပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရသည့် တပ်ဖွဲ့မှာ နအဖ စစ်ကွပ်ကဲရေးဌာန ချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၇)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ဖြစ်ပြီး အဆိုပါ တိုက်ပွဲတွင် နအဖ က တပ်ရင်းမှူး အပါအဝင် ဒဏ်ရာရသူ ၅ဦး၊ သေဆုံးသူ ၁ဦးနှင့် BGF က ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ (၇)မှူး ဗိုလ်မှူးချုပ် စောဂျော်နီက ကေအိုင်စီကို အတည်ပြုပြောဆိုသည်။

“သူတို့(နအဖနှင့် BGF)ဘက်က ထိတာက အကုန်လုံး ၉ယောက်ပေါ့နော်။ ကျနော်တို့က သူတို့ကို ပြောက်ကျားနဲ့ အလစ်တိုက်ခိုက်တဲ့အတွက် ကျနော်တို့ဘက်က လူတယောက်မှ မထိပါဘူး။ ပစ်ပြီးတာနဲ့ ဆုတ်ပဲလေ။”ဟု သူက ပြောသည်။

အလားတူ ထိုတရက်တည်း၌ပင် BGF (၁၀၁၆)တပ်ရင်းမှ တပ်သားဖြစ်သူ အသက် ၁၈နှစ်အရွယ် စောအဲ့ကလုက M-၁၆ သေနတ် ၁လက်၊ ကျည်ဆံ ၁၅၀ တောင့်နှင့် မက္ကစင်း ၅ချပ်နှင့်အတူ KNU ဖားအံခရိုင်၊ တပ်မဟာ(၇)အတွင်း KNLA ထံ ပြန်လာပူးပေါင်းခဲ့သည်ဟု သိရှိရသည်။

ယမန်နေ့က KNLA ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံရသည့် နအဖနှင့် BGF တို့သည် ဒဏ်ရာရရှိသူ ၎င်းတို့တပ်ဖွဲ့ဝင်များ အား ဆေးကုသရန် အနောက်တန်းသို့ ပြန်အပို့ ယနေ့ညနေ ၅း၃၀ နာရီခွဲ၌ လှိုင်းဘွဲမြို့နယ်၊ ပလေ့ပူးဂွင် စေဖိုးခီးနှင့် မဲ့လာအားထာ့ရွာအကြားတွင် ထပ်မံတိုက်ခိုက်ခံရသည့်အတွက် နအဖ ၄ဦး ဒဏ်ရာရရှိပြီး သေဆုံးမှုသတင်းကိုတော့ အသေးစိတ် မသိရသေးပေ။