ထိုင်း-မြန်မာနယ်စပ် အမှတ် ၁၀ ဟွေ့ပူလောင်းဂိတ်တွင် ကရင်နီပြည်တွင်းမှ သယ်ယူလာသော ဘိန်းစိမ်းများကို မယ်ဟောင်ဆောင်မှ ထိုင်းဒေသခံအာဏာပိုင်များ သိမ်းဆည်းရမိသည်ဟု သိရသည်။ ...
ထိုင်း-မြန်မာနယ်စပ် အမှတ် ၁၀ ဟွေ့ပူလောင်းဂိတ်တွင် ကရင်နီပြည်တွင်းမှ သယ်ယူလာသော ဘိန်းစိမ်းများကို မယ်ဟောင်ဆောင်မှ ထိုင်းဒေသခံအာဏာပိုင်များ သိမ်းဆည်းရမိသည်ဟု သိရသည်။
ပြီးခဲ့သည့် ၁၆ ရက်နေ့က ပြည်တွင်းမှ တင်ပို့ရောင်းချခဲ့သော ဘိန်းစိမ်း ၁၂ ကီလိုခွဲအား ၀ယ်ယူလက်ခံခဲ့သော မယ်ဟောင်ဆောင် ဒေသခံ ၂ ဦးထံမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“ဘိန်းမဲတွေ ဖြစ်တယ်။ ဗမာပြည်က လာတာ။ လာရောင်းတဲ့ လူနှစ်ယောက်တော့ ထွက်ပြေးသွားတယ်။ ဖမ်းမမိဘူး။ ထွက်ပြေးသွားတဲ့ လူနှစ်ယောက်က ထိုင်းတွေတော့ မဖြစ်နိုင်ဘူး။ မြန်မာပြည်သားတွေပဲ ဖြစ်တယ်။ အခု ဖမ်းမိတဲ့ လူနှစ်ယောက်က မယ်ဟောင်ဆောင်က လူတွေ ဖြစ်တယ်။ သူတို့ကို နန်းဖယ်ဒင်းလမ်း ဟွေ့ပူးလောင်းကနေ လာတာ ဖြစ်တယ်” ဟု မယ်ဟောင်ဆောင် အခြေစိုက် ထိုင်းစစ်တပ် အရာရှိ တဦးက ပြောသည်။
ယခု သယ်ယူလာသော ဘိန်းများကို မယ်ဟောင်ဆောင် ဘိန်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ ထိုင်းစစ်တပ်များနှင့် ပူးပေါင်းပြီး သိမ်းယူဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“ဒီလမ်းကနေ အခုလို ဘိန်းများများစားစား သယ်ယူလာတာကို ဖမ်းမိတာ ဒါပထမဦးဆုံး အကြိမ် ဖြစ်တယ်။ ဒီလမ်းဖွင့်ကတည်းက ပြီးခဲ့တဲ့ (၂၀၀၅) ပေါ့နော့် အခုထိ တခါမှ အခုလို မဖမ်းဖူးခဲ့ပါဘူး” ဟု ထိုင်းစစ်တပ် အရာရှိက ဆက်ပြောသည်။
ဘိန်းစိုက်ပျိုးမှုကို ယခင်က ကရင်နီနှင့် ရှမ်းပြည် နယ်စပ်တလျောက်တို့တွင် စိုက်ပျိုးနေကြပြီး ယခုအခါ ဖရူဆိုမြို့နယ်အတွင်း၌ပါ ဘိန်းစိုက်ပျိုးမှုနှင့် ရောင်းဝယ်သုံးစွဲမှုများ ရှိလာသည်ကို တွေ့ရှိရပါသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဖရူဆိုမြို့ စျေးနေ့တွင် ဘိန်းများ ရောင်းချခဲ့၍ အာဏာပိုင်များမှ ဘိန်းအချို့ ဖမ်းဆီးရမိခဲ့သည်။



