KNPP: စီးပွားရေးမူဝါဒ မပြောင်းလျှင် ပိတ်ဆို့မှု မရုပ်သင့်

KNPP: စီးပွားရေးမူဝါဒ မပြောင်းလျှင် ပိတ်ဆို့မှု မရုပ်သင့်
by -
ကန္တာရဝတီတိုင်း(မ်)

မြန်မာစစ်အစိုးရ၏ စီးပွားရေးနှင့် ပတ်သက်သော မူဝါဒများ မပြောငး်လဲသရွေ့ EU ဥရောပသမဂ္ဂမှ ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် မသင့်တော်သေးကြောင်း ကရင်နီအမျိုးသား ...

မြန်မာစစ်အစိုးရ၏ စီးပွားရေးနှင့် ပတ်သက်သော မူဝါဒများ မပြောငး်လဲသရွေ့ EU ဥရောပသမဂ္ဂမှ ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် မသင့်တော်သေးကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က ပြောကြားလိုက်သည်။

KNPP အတွင်းရေးမှူး ၁ ခူဦးရယ်လက်ရှိ အခြေအနေတွင် ပြည်သူလူထု အနေဖြင့် စီးပွားရေး အခွင့်အလမ်းများ မျှမျှတတ မရရှိသလို၊ ဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် ထိခိုက်မှု မရှိနိုင်ကြောင်း KNPP အတွင်းရေးမှူး (၁) ခူးဦးရယ်က ကန္တရဝတီတိုင်း(မ်)သို့ ပြောသည်။

“လူထုတစ်ရပ်လုံးကတော့ စီးပွားရေး အခြေခံမူ ပေါ်လစီနဲ့ ပတ်သက်ပြီး သူ့တို့မှာ ငွေဘယ်လောက်ပဲ အရင်းအနှီး ရှိနေပါစေ သူတို့ အနေနဲ့ လုပ်ပိုင်ခွင့်နဲ့ ခံစားပိုင်ခွင့် မရှိဘူး။ လူထုတွေကိုတော့ ဘာမှ မထိခိုက်ဘူးလို့ ကျနော် ယုံကြည်တယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ EU အဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများသည် မြန်မာနိုင်ငံအပေါ် ထားရှိသော စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု ဆက်လက် ထားရှိရေး၊ မထားရှိရေး ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးပါတီ (၅) ပါတီမှ ခေါင်းဆောင်များနှင့် မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ အီတလီ သံအမတ်ကြီးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

KNPP အနေဖြင့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် လူထုကို မထိခိုက်နိုင်ဟု ယုံကြည်ရခြင်းမှာ EU မှ ပြုလုပ်သော စီးပွားရေး ပိတ်ဆို့မှုသည် အစိုးရနှင့် နောက်လိုက် စီးပွားရေး လုပ်ငန်းရှင်များ အပေါ်တွင်သာ အဓိက ထိခိုက်မှု ရှိခြင်း၊ လူထုအများစုတွင် စီးပွားရေး လုပ်ကွက် နည်းပါးခြင်းနှင့်  ကုမ္မဏီကြီးများတွင် အလုပ်လုပ်ကိုင်သူ နည်းပါးခြင်း၊ တိုင်းရင်းသားများ အထူးသဖြင့် ကရင်နီလူထု အနေဖြင့်  တနိုင်တပိုင် စီးပွားရေးဖြင့်သာ အသက်ရှင် ရပ်တည်နေထိုင်ကြရသော အကြောင်းရင်းများကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

“ကရင်နီပြည် အနေနဲ့တော့ ဂရုစိုက်ဖို့လဲ မလိုသေးဘူးလေ။ သူများတွေ လုပ်နေတာနဲ့ ကရင်နီပြည် ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး။ ကရင်နီလူထု တယောက်အနေနဲ ့လုပ်သင့်တာကတော့ ကိုယ်လူထုတွေ လောလောဆယ် ခံစားနေရတဲ့ ပြသနာကို ပိုပြီး ဖြေရှင်းပေးဖို့ပဲ လိုတယ်လေ” ဟု ကရင်နီပြည်နယ်အတွင်း လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူ လူငယ်ခေါင်းဆောင် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမှ နို်င်ငံရေးပါတီ (၁၀) ဖွဲ့မှ ကိုယ်စားလှယ်များကမူ EU မှ စီးပွားရေး ပိတ်ဆို့အရေးယူခြင်းသည် စစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့၏ နောက်လိုက်များကို ပစ်မှတ်ထားခြင်း ဖြစ်သော်လည်း၊ ပြည်သူလူထုကို ထိခိုက်နေသောကြောင့် ရုပ်သိမ်းပေးရန် တောင်းဆိုထားကြသည်။

ယင်းနိုင်ငံရေး ပါတီ (၁၀) ဖွဲ့တွင် တိုင်းရင်းသား ပါတီ (၃) ဖွဲ့ဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပါ၀င်ကြသည်။

မြန်မာနိုင်ငံအပေါ် EU ဥရောပသမဂ္ဂကမှ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ၁၉၉၆ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။ အစိုးရနှင့် ပတ်သက်သော လက်နက် အရောင်းအဝယ်၊ မြန်မာနိုင်ငံမှ တင်ပို့သော သစ်နှင့် ကျောက်မျက်ရတနာ ပစ္စည်းများ၊ တွင်းထွက် သတ္တုများကို ပိတ်ဆို့ခဲ့သည်။ စစ်ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်းနှင့် စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ အပေါ်လည်း ပိတ်ဆို့ အရေးယူမှုများကို ချမှတ်ထားသည်။

Most read this week